အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၂၂ နှစ်ပြည့်

  • 27 စက်တင်ဘာ 2010
NLD Birthday
Image caption ကုန်းမခံဘူး၊ ရုန်းကန်သွားမယ်။( ဦးဝင်းတင် )

ဒီကနေ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တည်ထောင် ခဲ့တဲ့ ၂၂ ပြည့်နေ့ ဖြစ်ပါတယ်။ NLD ဒုဥက္ကဌ ဦးတင်ဦးရဲ့ နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ နေအိမ်မှာ အဖွဲ့ ချုပ် တည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနား ကျင်းပရာမှာ လူရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ရှမ်းပြည် ၊ ကချင်ပြည်နယ် ၊ တနင်္သာရီ ၊ ချင်းပြည်နယ် အစရှိတဲ့ နေရာ တွေက နေပြီး အဖွဲ့ချုပ် အဖွဲ့ဝင်တွေ တက်ရောက်လာတဲ့အကြောင်း ၊ ဝါရင့် နိုင်ငံရေးသမား ကြီးများအဖွဲ့နဲ့ လွှတ်တော် ကိုယ်စား ပြု ကော်မတီအဖွဲ့ ဝင်တွေ လည်း တက်ရောက် ကြတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

NLD ကို ဖျက်သိမ်းပြီလို့ ကြေငြာခံရတဲ့ အနေအထားမျိုးမှာ ပါတီရဲ့ မွေးနေ့ပွဲကို တခမ်းတနားနဲ့ ကျင်းပနိုင်တာဟာ ဗမာပြည် နိုင်ငံရေးသမိုင်းမှာ အလွန် အံ့သြစရာ ကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဖျက်သိမ်းခြင်းတို့ ပျက်ပြယ်ခြင်းတို့ဆိုတဲ့ ကြေညာချက်တွေ စကားလုံးအသုံးအနှုန်းတွေ အားလုံးကို NLD အနေနဲ့ ကတော့ လက်မခံတဲ့အကြောင်း တဖက်ကလည်း ပါတီရဲ့ ရှိတည်မှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ တရားစွဲဆို ရင်ဆိုင်နေတာ ရှိတဲ့အကြောင်း မိမိတို့ အနေနဲ့ကလည်း ပါတီတစ်ရပ် အနေနဲ့ နိုင်ငံရေး လုပ်မြဲ အလုပ်တွေကို ဆက်လုပ် တဲ့အကြောင်း ဦးဝင်းတင်က ပြောပါတယ်။

တကယ်လို့ အစိုးရက ဖမ်းဆီးမှုတွေ ဟန့်တားမှုတွေ ရှိလာရင်လည်း NLD ရဲ့ လှုပ်ရှားမှု တွေဟာ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း ဦးဝင်းတင်က ဆိုပါတယ်။ ဖိနှိပ်မှုတွေပြင်းထန်ရင် ကာလတစ်ခုအတွက်တော့ ခေတ္တဆုတ်သွားတာမျိုး ရှိတတ်တာ ဓမ္မတာပဲလို့ ဦးဝင်းတင်က ပြောပါတယ်။

NLD ဟာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်း ကျနေရင် နိုင်ငံရေး ရေချိန်ကျသွားတယ် ဆိုတဲ့ ကာလမျိုးကို ကျော်လွန်ခဲ့ပြီလို့လည်း ဦးဝင်းတင်က ခုခံပြောဆိုခဲ့ပါတယ်။ NLD ဟာ အခုအချိန်မှာ ကုန်းမခံဘူး ရုန်းကန်မယ်ဆိုတဲ့ ရပ်တည်ချက်မျိုးနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေပြီလို့ ဦးဝင်းတင်က ဘီဘီစီကို ပြောသွားပါတယ်။