မြန်မာ ဆိုက်ဘာတိုက်ပွဲလား

  • 27 စက်တင်ဘာ 2010

သတင်းလွတ်လပ်မှုမရှိတဲ့ မြန်မာနိုင်ငံကို အင်တာနက်ကနေတဆင့် ထိုးဖောက်နေတဲ့ သတင်းမီဒီယာ ဝက်ဘ်ဆိုက်တွေ နောက်တကြိမ် တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

Image caption ဆိုက်ဘာတိုက်ခိုက်မှုတွေက အများကြီး ပြင်ဆင် တိုက်ခိုက်ရတာ ဖြစ်ပါတယ်

အင်တာနက်သုံးတဲ့ မြန်မာတွေ အကြည့်များတဲ့ ဧရာဝတီ၊ မဇ္စျိမနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗီဘီဝက်ဘ် ဆိုက်တွေကို တိုက်ခိုက်တဲ့ နည်းစနစ်ကို DDoS နည်းနဲ့ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

တချိန်ထဲမှာ ဝဘ်ဆိုက်က ခံနိုင်တဲ့ အရေအတွက်ထက် လူတွေအများကြီး ပြုံပြီးဝင်ကြည့်တဲ့ ပုံစံမျိုး ဖန်တီးပြီး ဝင်တိုက်တာကြောင့် တံခါးကျဉ်းကျဉ်းမှာ လူတွေ စုပြုံတိုးသလိုမျိုး ဘယ်သူမှ ဝင်မရဘဲ ရပ်ကုန်တာလို့ အဲဒီသတင်းဌာနတွေက ပြောပါတယ်။

အခု ဘယ်သူတွေက တိုက်ခိုက်တယ်ဆိုတာကို အတိအကျ မသိနိုင်ပေမယ့် အတော်များများက ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ မြန်မာအစိုးရ ပတ်သက်နေတယ်လို့ ယူဆကြပါတယ်။

၂၀၀၈ ခုနှစ်လောက် ကတည်းကစပြီး မြန်မာသတင်းဝဘ်ဆိုက်တွေအပေါ် ဒီလို တိုက်ခိုက်မှုမျိုးကို နှစ်စဉ်လို ဒီအချိန်မျိုးမှာ ကြုံကြရတာမို့ ဒီနှစ်မှာလည်း ဖြစ်လာနိုင်တယ် ဆိုတာကို ကြိုတွက်ထားကြပေမယ့် တကယ်တမ်း အတိုက်ခံရတဲ့အခါ မကာကွယ်နိုင်ကြပါဘူးလို့ သိရပါတယ်။

အဲဒီလိုကာကွယ်ဖို့အတွက် အကုန်အကျများသလို၊ တိုက်ခိုက်သူဖက်ကလည်း အကုန်အကျခံပြီး လုပ်ရတာမို့လည်း ဒီတိုက်ခိုက်မှုတွေကို သာမန်လူတွေ ဆောင်ရွက်တာမဟုတ်ဘူးလို့ သိရပါတယ်။

နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းကတော့ ဒီလုပ်ရပ်ကို အရေးယူနိုင်ဖို့ နည်းလမ်းရှာမယ်လို့ ဆိုပါတယ်။

အဲဒီလိုအရေးယူနိုင်ဖို့အတွက် ဘယ်သူက ဒီတိုက်ခိုက်မှုတွေကို ကျူးလွန်သလဲဆိုတာ သက်သေပြနိုင်ဖို့ လိုမှာပါ။

မဇ္စျိမသတင်းဌာန အုပ်ချုပ်မှုအယ်ဒီတာ ဦးစိန်ဝင်းကတော့ ဘယ်သူ တိုက်ခိုက်သလဲ ဆိုတာမှာ ဖြစ်နိုင်ခြေ အမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်။

သေချာတာ တခုကတော့ ဒီတိုက်ခိုက်မှုတွေကြောင့် မြန်မာသတင်းဝက်ဘ်ဆိုက်တွေ လုံးဝပျောက်ကွယ်သွားမှာ မဟုတ်သလို၊ တိုက်ခိုက်မှုတွေကလည်း ဒီတကြိမ်ထဲ အဆုံးသတ်သွားမယ့် ပုံမရှိပါဘူးလို့ သုံးသပ်သူတွေလည်း ရှိကြပါတယ်။