မွန်ဘုန်းကြီး ထောင်ကျ

  • 27 စက်တင်ဘာ 2010

မွန်အမျိုးသား သံဃာတော်တစ်ပါးကို နိုင်ငံရေးစတစ်ကာ ကပ်တယ်ဆိုတဲ့ စွပ်စွဲချက်၊ နိုင်ငံခြား အခြေစိုက် သတင်းဌာနကို သတင်းပေးပို့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အင်းစိန် ထောင်တွင်း အထူး တရားရုံးကနေ ထောင် ၁၅ နှစ် ချမှတ် လိုက်ပါတယ်။

Image caption ဘုန်းကြီးရှိမှာ ရှိတဲ့ ဓာတ်ပုံနဲ့ တူနေတဲ့ ဓာတ်ပုံ တွေ့ခဲ့ရတယ်ဆိုတဲ့ မွန်သတင်း ဝက်ဘ်ဆိုက်ပုံ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လုံရွာက အောင်ဇေယျ သုဓမ္မာကျောင်းမှာ သီတင်းသုံးတဲ့ ဦးဇင်း ဦးဥက္ကံသ ခေါ် ဦးအောင်ဇော်လတ် ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးကနေ ပုဒ်မ သုံးခုနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တာလို့ ဦးဇင်းရဲ့ ရှေ့နေ ဒေါ်ခင်ဌေးကြွယ် က ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ဟာ ၂၀၀၇ သံဃာတော်တွေ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှု ဖြစ်ခဲ့တဲ့ နှစ်ပတ်လည်တဲ့နေ့ ဖြစ်တာမို့ ဒီနေ့လို အမှတ်တရနေ့မှာ ထောင်ချခံရတဲ့အတွက် ဝမ်းသာတယ်လို့ ဦးဇင်းက ပြောတယ်လို့ ဆိုပါတယ်။

ဦးဥက္ကံသကို နိုင်ငံရေးတောင်းဆိုချက် သုံးရပ်ပါတဲ့ စတစ်ကာ ကပ်မှု၊ ထိုင်းနိုင်ငံအခြေစိုက် မွန်သတင်းအေဂျင်စီကို သတင်းပို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆို ထောင်ချခဲ့တာ ဖြစ်ပါတယ်။

စတစ်ကာမှာ ပါတာကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်သုံးသပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး စတဲ့ တောင်းဆိုချက်တွေ ဖြစ်ပါတယ်။

ဦးဥက္ကံသအမှုကို အယူခံတက်မယ်လို့ ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။