မြန်မာဒုက္ခသည်များ ဂျပန် စရောက်

  • 28 စက်တင်ဘာ 2010
Refugees
Image caption ကရင်ဒုက္ခသည်များ ဂျပန်ရောက်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ တတိယနိုင်ငံ ရွေ့ပြောင်းအခြေချပေးရေးအစီအစဉ်အရ ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည် စခန်းက မြန်မာဒုက္ခသည် ၁၈ ဦးဟာ ဂျပန်နိုင်ငံကို ဒီနေ့ ရောက်ရှိလာပါတယ်။

ဒါဟာ ဂျပန်အစိုးရကနေ မြန်မာဒုက္ခသည် တွေကို ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူတာ ဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ ၂၀၀၈ ခုနှစ်က စမ်းသပ်တဲ့အဆင့်အဖြစ် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းက မြန်မာ ဒုက္ခသည် စုစုပေါင်း ၉၀ ကို သုံးနှစ်အတွင်း လက်ခံမယ်လို့ ကုလသမဂ္ဂနဲ့ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။

ဂျပန်ဟာ အာရှနိုင်ငံတစ်နိုင်ငံမှာ ပထမဆုံး ဒုက္ခသည်လက်ခံတဲ့ နိုင်ငံလည်း ဖြစ်ပြီး ဒီအစီအစဉ်ဟာ အင်မတန်အရေးပါတဲ့အကြောင်း UNHCR ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျိုဟန်ဆဲ က ဘီဘီစီကို ပြောပါတယ်။

ဒီတကြိမ်ဟာ ပထမစမ်းသပ်တဲ့အစီစဉ်ဖြစ်တာမို့ မြန်မာဒုက္ခသည်တွေဟာ ဂျပန်လူမှုအသိုင်းအဝိုင်းနဲ့ တပေါင်းတစည်းတည်း နေထိုင်တာမျိုးဖြစ်လာရင် နောင်မှာ ဒုက္ခသည်တွေကို ဒီထက်ပိုပြီး လက်ခံလာနိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ဂျိုဟန်ဆဲက ပြောပြပါတယ်။

ဂျပန်ရောက်ရောက်ရောက်ချင်း မြန်မာဒုက္ခသည်တွေကို ဂျပန်သတင်းဌာနအားလုံးက ဝိုင်းဝန်းတွေ့ဆုံမေးမြန်းကြတဲ့အကြောင်း၊ ကရင်အမျိုးသား တစ်ယောက်ကတော့ ဂျပန်မှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ချင်တယ်လို့ သတင်းထောက်တွေကို ပြန်ပြောတဲ့အကြောင်း မြန်မာဒုက္ခသည်တွေအတွက် စကားပြန်အဖြစ်လုပ်ပေးနေပြီး ဂျပန်နိုင်ငံမှာနေထိုင်တဲ့ ကရင်အမျိုးသားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုစောဘလှသိန်းက ဘီဘီစီကို ရှင်းပြပါတယ်။

ဒုက္ခသည်ထဲက ကလေး ၃ ယောက်က လေယာဉ်ပျံပေါ်မှာ ဖျားလာတဲ့အတွက် ဆေးရုံကို သွားရကြောင်း၊ အမှန်က ဒုက္ခသည် ၂၇ ယောက် ရောက်လာဖို့ရှိပေမယ့် မိသားစုနှစ်စုက လောလောဆယ်ဖျားနေလို့ ထိုင်းနိုင်ငံမှာ ကျန်ခဲ့တဲ့အကြောင်းကိုလည်း ကိုစောဘလှသိန်းက ပြောပါတယ်။