မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ မိုးကြီး ရေလျှံလို့ လူသေ

  • 28 စက်တင်ဘာ 2010
Image caption မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်(Google map)

မန္တလေးတိုင်း ပုသိမ်ကြီး အထက်ပိုင်း ကုန်းမြင့်ကျတဲ့ မေမြို့အနီးတဝိုက်မှာ တနင်္လာနေ့က မကြုံဘူးလောက်အောင် မိုးသည်း ထန်ခဲ့လို့ မေမြို့ ၆ လမ်းက အနိမ့်ပိုင်းကျတဲ့ အိမ်တချို့ ရေမြှုပ်သွားခဲ့ပါတယ်။

အနိမ့်ပိုင်းပိုကျတဲ့ နားတောင်းကျချောင်းလို နေရာမျိုးမှာတော့ တောင်ကျရေကြောင့် လူတချို့ရေထဲမျောပါပြီး အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

နားတောင်းကျချောင်းအနီး တောပိုင်းကျတဲ့နေရာတခုမှာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦးနဲ့ သူ့ရဲ့သားဖြစ်သူ ၃ နှစ်အရွယ် ကလေးတဦး ရေထဲမှာ မျောပါ သေဆုံးခဲ့ပါတယ်။

အဲဒီဒေသက တခြားနေရာတွေမှာလည်း ကလေးတချို့ ရေနစ်သေဆုံးမှုတွေရှိတယ်လို့ သိရပေမယ့် သီးခြား အတည်ပြုလို့မရသေးပါဘူး။

တောင်ကျရေကြောင့် အဲဒီဒေသတဝိုက်မှာရှိတဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့သလိုပစ္စည်းဥစ္စာနဲ့ ကျွဲနွားတွေလည်း ရေထဲမျောပါသွားတာတွေရှိခဲ့ပါတယ်။

နားတောင်းကျ တံတားပေါ်ကိုကျော်ပြီး ရေလျှံတဲ့အတွက် တနင်္လာနေ့မနက်ပိုင်းတုန်းက မန္တလေးမေမြို့ကားလမ်းမှာ ခရီးသွားလာမှု ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။

သိပ်မကြာခင်မှာဘဲ နေရာအများစုမှာ ရေပြန်ကျသွားပြီး ကားလမ်း ပြန်ပွင့်သွားသလို မန္တလေးမြို့က စေတနာရှင်တချို့က ထမင်းထုပ်နဲ့အကူအညီတွေ သွားရောက် ပေးနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။

အဲဒီဒေသတဝိုက်မှာ ဆည်တော်လေးနဲ့ ဒိုးခွင်ဆည်ဆိုတဲ့ ရေကာတာနှစ်ခုကလည်းရှိနေပြီး၊ မြေနိမ့်ပိုင်းမှာ ရေမြုပ်ခံရတဲ့ကျေးရွာတွေက ဆည်ရေတံခါးတွေကို ဖွင့်ချလိုက်တာလို့ ယူဆနေပါတယ်။

အာဏာပိုင်တွေနဲ့ နီးစပ်သူတဦးကတော့ ဆည်တံခါးတွေ ဖွင့်ချတာမဟုတ်ဘဲ ဆည်ပေါ်ကနေ ရေလျှံတဲ့အခြေအနေမျိုး ဖြစ်ခဲ့တာလို့ဆိုပါတယ်။

မြန်မာအစိုးရကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။