တရုတ် မြန်မာ ဆက်ဆံရေး အစီရင်ခံစာ

  • 29 စက်တင်ဘာ 2010
china_burma_
Image caption မြန်မာ တရုတ် ခေါင်းဆောင် နှစ်ဦး

တရုတ် မြန်မာ ဆက်ဆံရေး အကြောင်း ကျယ်ကျယ် ပြန့်ပြန့် သုံးသပ် ထားတဲ့ အစီရင် ခံစာ တခု မကြာမီ ရက်ပိုင်း အတွင်း ထွက်ပေါ်လာ ပါတယ်။ Inernational Crisis Group နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ က ပြုစုထားတဲ့ အစီရင် ခံစာထဲမှာ မြန်မာနိုင်ငံ အရေးဟာ တရုတ် အစိုးရ အတွက် လွယ်မယောင် နဲ့ ခက်ခဲ ကြောင်း ထောက်ပြ ထားပါတယ်။

တရုတ် အစိုးရ အဖို့ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဆိုတော့ တရုတ် မြန်မာ နယ်စပ် တလျှောက် တည်ငြိမ် အေးချမ်း ဖို့ က တရုတ် အစိုးရအတွက် အဓိကဖြစ် ပါတယ်။ အဲ့ဒါကြောင့် နိုဝင်ဘာလ မှာ လုပ်မယ့် ရွေးကောက်ပွဲ က လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူး ဆိုတာ ကိုသိပေမယ့် လည်း တည်ငြိမ်မှု မထိခိုက်ရင် ရွေးကောက်ပွဲ ရလာဒ်ကို တရုတ် က ကြိုဆို မှာ ဖြစ်ပါတယ် လို့ ICG ကဆိုပါတယ်။

စစ်အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား အချိန်အတော် ကြာကြာ တင်းမာမှု တွေ ဆက်ရှိ နေမယ် ဆိုတာကို တရုတ် က ရိပ်မိပေမဲ့ လည်း ပြည်တွင်းမှာ တည်ငြိမ် အောင် ထိန်းထား နိုင် မယ်ဆိုရင် ခိုင်မာတောင့်တင်းတဲ့ ဗဟို ကချုပ်ကိုင် တဲ့ အစိုးရ ကို တရုတ် က လိုလားတယ်လို့ ဆိုပါတယ်။

ပြီခဲ့တဲ့ နှစ် သြဂုတ်လက ကိုးကန့်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် တရုတ် မြန်မာ နယ်စပ်က လူမျိုးစု အဖွဲ့တွေကို သူတို့ နယ်စပ်မှာ ရှိ တာဟာ မဟာဗြူဟာ အရ လိုအပ်တယ် လို့ တရုတ်က မယူဆတော့ပဲ လူမျိုးစု တွေ ကို ဝန်ထုပ်ဝန်ပိုး လို့ မြင်လာပါတယ်။

ကိုးကန့် အရေးအခင်း နောက်ပိုင်း မှာ တရုတ် အရာရှိ တွေ မြန်မာနိုင်ငံ ဆီ မကြာခဏ သွားတာကို တွေ့မြင်ရတဲ့ အပြင် ဘေဂျင်းနဲ့ ယူနန် ပြည်နယ် အစိုးရ အကြား သဘောထား ကွဲလွဲမှု တွေဟာ ပိုပြီး ထင်သာ မြင်သာလာပါတယ်။

အမေရိကန် အစိုးရ က မြန်မာ နဲ့ တိုက်ရိုက် ဆက်ဆံရေး လမ်းကြောင်း ဖွင့် လာတာ ကို မြန်မာအပေါ် တရုတ် ရဲ့ သြဇာ ကန့်သတ်ဖို့ ကြိုးစားတာလို့ တရုတ် ဘက်က ယူဆ နေတယ်လို့ အစီရင်ခံစာဆိုပါတယ်။

ဒီယူဆချက်က ဖြစ်နိုင်ချေ ဘယ်လောက် ရှိ သလဲလို့ အမေရိကန် ဂျော့ တောင်း တက္ကသိုလ် အာရှရေးရာ ဌာနရဲ့ ဒါရိုက်တာ ပါမောက္ခ David Steinburg ကို မေးကြည့် တော့ ဒီလိုမျိုး ယူဆကြတဲ့ တရုတ် တွေ ရှိသလို ပဲ တချို့ ကလည်း အနောက်တိုင်းနဲ့ ဆက်ဆံရေး တိုးတက် လာတာ တရုတ် အတွက် အကျိုးရှိ တယ်လို့ ယူဆ ကြပါတယ်။ ပြည်တွင်း မှာ တိုးတက် ဖွံ့ ဖြိုး လာရင် တရုတ် တွေ ကိုဆန့်ကျင် ရန်လိုမှု တွေ လျော့သွားနိုင် မယ်လို့ တွက်သူ တွေလည်းရှိပါတယ်။ ဒါပေမဲ့ အနောက် နဲ့ ဘယ်လောက် ပူးပူးကပ်ကပ် ရှိသင့်တယ်ဆိုတာ ကလည်း မေးခွန်း ထုတ်စရာဖြစ်ပါတယ်။

တကယ်တော့ အမေရိကန် အစိုးရက မြန်မာ အပါအဝင် ၆ နိုင်ငံ အပေါ် ပိတ်ဆို့ ဒဏ်ခတ်တဲ့ မှုက နိုင်ငံရေး ပြောင်းလဲမှု တွေ အတွက် တွန်းအား မဖြစ်နိုင်ဘူး ဆိုတာကို သိလာတဲ့ အတွက် မှုပြောင်းလိုက်တာသာ ဖြစ်တယ် လို့ ပါမောက္ခ David Steinburg က သူ့ ယူဆချက်ကို ပြောပြပါတယ်။

တချိန်က တရုတ် အစိုးရကို လူမျိုးစု လက်နက်ကိုင် အဖွဲ့ တွေနဲ့ စစ်အစိုးရ အကြား ညှိနှိုင်းစေ့စပ်ပေးဖို့ အားထား ခဲ့ကြပေမယ့် ဒီကနေ့ အခြေအနေမှာ တော့ တရုတ် ဟာ လူမျိုးစု တွေ ရဲ့ မိတ်ဆွေလို့ ပြောဖို့ ခက် နေပါတယ်။