တကယ်ပဲ အားလုံး ပါတဲ့ ရွေးကောက်ပွဲ လား

  • 29 စက်တင်ဘာ 2010

နယူးယောက် မြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာ နိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ် လို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။

Image caption ထူးထူးခြားခြား မြန်မာ အမျိုးသား ဝတ်စုံ နဲ့ ညီလာခံ တက်လာ

အရင်နှစ် တွေနဲ့ မတူဘဲ မောင့်ကျက်သရေ ခေါင်းပေါင်း၊ တိုက်ပုံ တို့နဲ့ မြန်မာ အမျိုးသား ဝတ်စုံ ပြည့် ဝတ်ဆင်ရင်း ညီလာခံကို တက် ရောက် လာတဲ့ ဦးဉာဏ်ဝင်းက နိုင်ငံ တကာ ကနေ တောင်းဆို နေတဲ့ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်း သားတွေ လွှတ်ပေးရေး ကိစ္စကို တစုံတရာ ထည့်ပြော မသွားခဲ့ ပါဘူး။

နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက်တည်းသာ မက အခုနှစ် ညီလာခံ တက်လာကြတဲ့ နိုင်ငံ အသီးသီးက မြန်မာ နိုင်ငံ ဆိုင်ရာ သံအမတ် ကြီးတွေ အားလုံး ကလည်း အလားတူ အမျိုးသား ဝတ်စုံနဲ့ ညီလာခံ တက် ရောက်လာခဲ့ ကြ တာပါ။

ဒါဟာ အမျိုးသား သရုပ် သကန်ကို ဖော်ထုတ် တယ် ဆိုတာ ပြသလိုတဲ့ သဘောဖြစ်တယ်လို့ NCGUB ပြည်ထောင်စု မြန်မာ နိုင်ငံ အဝေးရောက် ညွန့်ပေါင်း အစိုးရ အဖွဲ့ ရဲ့ ကုလ သမဂ္ဂ ရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

Image caption ခေါင်းပေါင်း ရောင်စုံနဲ့ မြန်မာ ကိုယ်စား လှယ်များ

လာမယ့် ရွေးကောက်ပွဲကို နိုင်ငံရေး ပါတီပေါင်း (၃၇) ပါတီက ကိုယ်စားလှယ် သုံးထောင် ကျော် ဝင် ရောက်ယှဉ်ပြိုင် မှာမို့ ဒါဟာ အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲလို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောနေပေမဲ့ တကယ်တန်းမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ တစ်ခုတည်း ကသာ မဲဆန္ဒနယ် အားလုံးမှာ ကိုယ်စားလှယ် တစ်ထောင် ကျော် ဝင်ရောက် နိုင်တာ ဖြစ်ပြီး ဒုတိယ အနေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ သာ ရှိတယ်၊ ကျန်တဲ့ ပါတီတွေ အနေနဲ့က ရာကျော် ပြိုင်နိုင် တာ သုံးလေးခုပဲ ရှိတယ်လို့ လည်း သူက ဆက်ပြော ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲရဲ့ အနေအထားက တဘက် စောင်းနင်း ဖြစ်နေတယ်လို့ ဒေါက်တာ သောင်းထွန်း က ထောက်ပြ ပါတယ်။

အထွေထွေ ညီလာခံမှာ ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲ အပြီး ပေါ်ပေါက် လာမယ့် အစိုးရ သစ်ရဲ့ နိုင်ငံခြားရေး မူဝါဒကိုပါ မိန့်ခွန်း အဆုံးမှာ ထုတ်ဖော် ပြောကြားသွား ပါတယ်။ ဒါဟာ ရွေးကောက်ပွဲတောင် မလုပ်ရသေးခင် အချိန်မှာ နောင် တက်လာမယ့် အစိုးရက ဘာလုပ်မယ် ဆိုတာ ကြိုတင် ဟောကိန်း ထုတ်ခွင့် မရှိဘူးလို့ လည်း ဦးသောင်းထွန်းက ပြောပါတယ်။

မြန်မာ နိုင်ငံ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက တောင်းဆိုနေတာ တွေကို မြန်မာ အစိုးရက လိုက်နာ ဆောင်ရွက်တာ ခုချိန်ထိ မရှိခဲ့တဲ့ အတွက် အခုထက် ပိုပြီး ထိရောက်တဲ့ အရေးယူ ဆောင်ရွက် မှုတွေ ပြုလုပ်ဖို့ လိုပြီလို့ ဒေါက်တာ သောင်းထွန်းက တိုက်တွန်း လိုက်ပါတယ်။