ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ရုံးအသုံးစရိတ်အတွက် ငွေကောက်

  • 30 စက်တင်ဘာ 2010
Image caption ရွေးကောက်ပွဲ ကော်မရှင်ခွဲ ရုံးတရုံး

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေက ရုံးစရိတ်အတွက်ဆိုပြီး ရွားသားတွေနဲ့ လုပ်ငန်းရှင်တွေဆီကနေ ငွေတွေကောက်ခံနေတယ်လို့ ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ စစ်တွေမြို့မှာ ရွေးကောက်ပွဲကော်မရှင် ရုံးအသုံးစရိတ်ဆိုပြီး ငွေကောက်ခံနေတာလို့ ကျောက်တော်မြို့ အမျိုးသားလွှတ်တော်မှာ ဝင်ရောက်အရွေးခံမယ့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု အထွေထွေအတွင်းရေမှူး ကိုမြင့်ဇော်က ပြောပါတယ်။

စစ်တွေမြို့နယ် အပေါက်ဝါးကျေးနယ်ထဲမှာ မြို့နယ်ကော်မရှင်က ကောက်ခိုင်းတာပါဆိုပြီး ငွေကောက်ခံနေတယ်လို့ ဆိုပါတယ်။

အပေါက်ဝါးကျေးနယ်ထဲက ချောင်းဝ၊ ပေါ်တော်မူ၊ ချောင်းဖျား၊ ယင်းတိုက်ဆိုပြီး ရွာ ၄ ရွာ၊ တစ်ရွာကို ၅ သောင်းနှုန်းနဲ့ ကောက်နေပြီး လုပ်ငန်းရှင်တစ်ဦးကို ငါး ထောင်ဆိုပြီး ကောက်ခံနေတာကို သူကိုယ်တိုင် တွေ့ခဲ့တယ်လို့ ပြောပါတယ်။

အခုလို ငွေကောက်ခံတဲ့အခါ အထက်ကကောက်ခိုင်းတာမဟုတ်ဘဲ သူတို့သဘောနဲ့ အလှူခံတာလို့ ပြောပေမယ့်လည်း တစ်အိမ်တက်ဆင်း မဖြစ်မနေ ကောက်ခံနေတာဖြစ်လို့ အထက်က ကောက်ခံခိုင်းတာဖြစ်မယ်လို့ သူကယူဆပါတယ်။