ကော့ကရိတ်က ကျောင်းထိုင် ဆရာတော်ကို စစ်တပ်က သေနတ်နဲ့ပစ်

  • 30 စက်တင်ဘာ 2010
Image caption မြန်မာစစ်သားများ

ကရင်ပြည်နယ်၊ သံဃာ့ မဟာနာယကအဖွဲ့ အတွင်းရေးမှူးဟောင်း၊ ကော့ကရိတ်မြို့၊ ဗောဓိကျောင်းတိုက်က၊ ဆရာတော်ကို ၊အဲဒီကျောင်းဝင်းထဲမှာ စခန်းချထားတဲ့ စစ်သားတွေက ပြီးခဲ့တဲ့အဂါနေ့က သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

ဗောဓိကျောင်း ဆရာတော် ဦးထေရိန္ဒ စောင့်ရှောက်ထားတဲ့ ခလေးတွေ အထဲက တယောက်ဟာ ကျောင်း၀င်းထဲက၊ ဘုရားကုန်းပေါ်မှာ တရားထိုင်နေတာကို အဲဒီမှာ စခန်းချထားတဲ့ ၊တပ်ရင်းအမှတ် ၂၃၀ ကစစ်သားတွေက မသင်္ကာလို့ဆို ပြီး ရိုက်နှက်နေတာကို ဆရာတော်က ဝင်တားရာမှာ ဆရာတော်ကို စစ်သားတွေက သေနတ်နဲ့ပစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကံအားလျော်စွာ ကျည်မထွက်တဲ့အတွက် ဆရာတော် အသက်အန္တရာယ်က လွတ်ကင်းခဲ့ရပြီး ပစ်ခတ်တဲ့စစ်သားကတော့ ထွက်ပြေးသွားတယ်လို့ ဆရာတော် ဦးထေရိန္ဒက မိန့်ကြားသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့၊ကော့ကရိတ်မြို့က သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက ဆရာတော်ကို မေးမြန်းလျှောက်ထားတာရှိပေမဲ့၊ အခုအချိန်အထိ အဲဒီစစ်ဗိုလ် စစ်သားတွေကို အရေးယူတာမရှိသေးဘူးလို့ ဆရာတော်က ဆက်ပြီးမိန့်ကြားပါတယ်။

ဘုရားတော်ကြီး ကျောင်း၀င်းထဲမှာ စခန်းချပြီးတော့ ၊ဘုန်းကြီးကျောင်းသားတွေကို ဒီလိုရိုက်နှက်တဲ့အပြင် ၊သူတို့ကိုးကွယ်တဲ့ဆရာတော်ကိုပါ အစော်ကားခံရတဲ့ အပေါ်မှာ ကော့ကရိတ်မြို့ကဆရာတော်ရဲ့တကာ၊တကာမတွေကလည်း မကြေမနပ်ဖြစ်နေကြတယ်လို့သိရပါတယ်။