ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးသင့်လို့ ဦးတင်ဦးဆို

  • 1 အောက်တိုဘာ 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီ ဒုတိယ ဥက္ကဌ ဦးတင်ဦးဟာ စင်ကာပူနိုင်ငံမှာ မျက်စိခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီဖြစ်လို့ ဒီကနေ့ပဲ ဆေးရုံ ကနေ ဆင်းခွင့်ရပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တွေ့ရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး

မြန်မာအစိုးရက အခုလို ဦးတင်ဦးကို စင်ကာပူနိုင်ငံမှာ မျက်စိကုသခွင့် ပေးခဲ့တဲ့ တချိန်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

စင်ကာပူနိုင်ငံမှာ ရှိနေစဉ်အတွင်း ဦးတင်ဦးကို ဘီဘီစီက သီသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ရာမှာ ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမှန်ကတော့ ရွေးကောက်ပွဲပြီးမှ ပြန်လွှတ်တာမလုပ်ဘဲ ရွေးကောက်ပွဲလုပ်ဖို့ စဉ်းစားတဲ့အချိန် မတိုင်ခင်ကတည်းက အားလုံးပြန်လွှတ်ပေးပြီး ညှိညှိ နှိုင်းနှိုင်း ဆွေးဆွေးနွေးနွေး လုပ်တာ အကောင်းဆုံးဖြစ်ပြီး၊ ထိန်းသိမ်းထားတဲ့ ကိစ္စအဝဝကလည်း တကယ်တမ်း ပြောရရင် မှန်ကန်တဲ့ ကိစ္စတွေ မဟုတ်ပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အစိုးရက သူ့ကို ဆေးကုသခွင့်ပြုတဲ့ ကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ပြောတဲ့ ကိစ္စအပေါ်မူတည်ပြီး အစိုးရက သဘောထားပြောင်းလဲလာတဲ့ သဘောလား ဆိုတာကတော့ ပြောဖို့ရာ ခက်တဲ့အကြောင်း၊ ဒီလိုပြောဆိုလုပ်ကိုင်လာရုံနဲ့လည်း တိုးတက်မှု ရှိလာလိမ့်ဦးမယ်လို့ သူ မထင်တဲ့အကြောင်း ဦးတင်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲအပြီး နောက်တက်လာမယ့် အစိုးရအနေနဲ့ ဒီမိုကရေစီရဲ့ လုပ်ပိုင်ခွင့် အားလုံးအပေါ်မှာ ပြည်သူလူထုအပေါ် ဘယ်လိုပေးသလဲ၊ ဒီအပေါ်မှာ ဆွေးနွေးညှိနှိုင်း အဖြေရှာရင် ကောင်းမယ်လို့ မြင်ပေမယ့် ဆွေးနွေးမယ့်ပုံတော့ မရှိသေးပါဘူးလို့လည်း ဦးတင်ဦးက ပြောပါတယ်။

လက်ရှိရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေအနေနဲ့ အတားအဆီး အပိတ်အပင်တွေ ခံနေကြရပြီး အားလုံးသိတဲ့အတိုင်း စစ်ဘက်ကလည်း ၂၅ ရာနှုန်းရှိနေတယ်၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါတီကလည်း ငွေကြေးကအစ လုပ်ပိုင်ခွင့်အပြည့်နဲ့ ဝင်ပြီး အရွေးခံအုန်းမယ်၊

တခါ သူတို့နဲ့ပတ်သက်တဲ့ စီးပွါးရေးသမားတွေကလည်း သူတို့အရိပ်အောက်က ဝင်ပြိုင်ဦးမယ်၊ တခါ သူတို့နောက်က လိုက်ဆွဲပါနေတဲ့ တစည ကလည်း ဝင်ဦးမယ် ဆိုတော့ တကယ်တမ်း ပြောနိုင်ဆိုနိုင် လုပ်နိုင်မယ့် အဖွဲ့တွေ ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူးလို့လည်း ဦးတင်ဦးက ဘီဘီစီကို ပြောပြသွားပါတယ်။