ကျားဖြူပါတီ ရှမ်းဘာသာနဲ့ သီချင်း လွှင့်ခွင့်မရ

  • 1 အောက်တိုဘာ 2010

လာမယ့် ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ရှမ်း တိုင်းရင်းသား များ ဒီမိုကရက်တစ် ပါတီရဲ့ မူဝါဒတွေ၊ မဲဆွယ် စည်းရုံးမှု တွေနဲ့ ပတ်သက်လို့ ရုပ်မြင် သံကြားနဲ့ ရေဒီယိုမှာ ကြာသပတေး နေ့က ထုတ်လွှင့်ခွင့် ရခဲ့ပါတယ်။

Image caption မူဆယ်က ရှမ်းတိုင်းရင်းသား များ ဒီမို ကရက်တစ် ပါတီ ရုံးခွဲ

ရွေးကောက်ပွဲ ဝင်မယ့် ပါတီတိုင်း ဆယ့်ငါး မိနစ်စာ စီ ထုတ်လွှင့်ခွင့် ရတဲ့ ပါတီမူဝါဒတွေ ထဲမှာ ကျားဖြူ ပါတီ အနေနဲ့ ပြည်သူ လူထုကို ပြောပြလိုတဲ့ အကြောင်းအရာ တချို့ကို ဖြုတ်ခဲ့ရတဲ့ အပြင် မိန့်ခွန်း အပြီးမှာ ထည့်သွင်း ထားတဲ့ ရှမ်း ဘာသာနဲ့ သီချင်းကို လည်း လွှင့်ထုတ်ခွင့် မရခဲ့ ပါဘူး။

ဒါ့အပြင် ဟောပြောမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို စာမူ ကြိုတင် သွားရောက် တင်ပြခဲ့ ရာမှာ ပင်လုံ စာချုပ်နဲ့ ပတ်သက်ပြီး ရေးသား ထားတဲ့ အပိုင်းကို စိစစ်ရေးက ဖြုတ်ခိုင်းခဲ့ ပါတယ်။ ဘာကြောင့် ဖြုတ်ခိုင်းတယ် ဆိုတဲ့ အကြောင်းပြချက် ကိုတော့ မပေးခဲ့ဘူးလို့ ကျားဖြူ ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဖြစ်သူ ပြန်ကြားရေး တာဝန်ခံ ဦးစိုင်းထွန်းအေး က ပြောပါတယ်။

မိန့်ခွန်း အဆုံးပိုင်းမှာ ထည့်ခဲ့တဲ့ ရှမ်းဘာသာ သီချင်းနဲ့ ပတ်သက်လို့လည်း တိုင်းရင်းသား ဘာသာနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းတွေကို ထုတ်လွှင့်ခွင့် မရှိဘူးလို့ ကြိုတင် စည်းကမ်း သတ်မှတ် ထားခြင်း မရှိပေမဲ့ သက်ဆိုင်ရာကို သွားတင်ပြခဲ့တဲ့ အချိန်ကျမှ ရှမ်း ဘာသာ သီချင်း ဖြစ်နေလို့ ထုတ်လွှင့်ခွင့် မပြုနိုင်ဘူးလို့ စိစစ်ရေးက ပြောခဲ့တဲ့ အကြောင်း ဦးစိုင်းထွန်းအေးက ဆက်ပြောပါတယ်။

လောလောဆယ် ထုတ်လွှင့်ပြီးခဲ့သမျှ ပါတီတွေရဲ့ ဟောပြော တင်ပြချက် တွေမှာ မြန်မာ သီချင်းက လွဲရင် တိုင်းရင်းသား ဘာသာနဲ့ သီဆိုထားတဲ့ သီချင်းတွေကို မတွေ့ရဘူး လို့လည်း သူက ပြောပါတယ်။