ကြံ့ခိုင်ရေးပါတီထဲလည်း မကျေနပ်မှုတွေဖြစ်

  • 1 အောက်တိုဘာ 2010

ကြံ့ခိုင်ရေးအသင်းတုန်းက ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့သူတွေ ပါတီအဖြစ်လည်း အသွင်ပြောင်းရော အမတ်လောင်းအဖြစ် အရွေးမခံရဘဲ ရပ်မိရပ်ဖတွေနဲ့ အသင်းက မျက်နှာကြီးတွေကိုပဲ အမတ်လောင်းအဖြစ် ရွေးချယ်ခဲ့လို့ မကျေနပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Image caption ကြံ့ခိုင်ရေးအသင်းကနေ အသွင်ပြောင်းဖွဲ့ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ

ရန်ကုန်မြို့က အမတ်လောင်းတွေအတွက် မှတ်ပုံတင်ကြေး ငါးသိန်းကျပ်ကို ပါတီက ထုတ်ပေးပေမယ့် တာမွေမြို့နယ်က ဦးခင်မောင်လွင် နဲ့ ဦးလေးမြင့် တို့ဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မှတ်ပုံတင်ခဲ့ရလို့ မကျေမနပ် ဖြစ်နေတယ်လို့ ကြံခိုင်ရေး ပါတီက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ ဝင်ရောက် ရွေးချယ်ခံမယ့် အမတ်လောင်းတွေအတွက် မဲဆွယ် စည်းရုံးခိုင်းတော့ ဖုန်းဖိုးအပါအဝင် လမ်းစရိတ်တွေကို ကိုယ့်အိတ်ထဲက စိုက်ထုတ် သုံးစွဲ နေရတာကြောင့် အောက်ခြေပါတီဝင်တွေက မဲဆွယ်စည်းရုံးရေးကို မလုပ်ချင်ကြတော့ဘူးလို့ သိရပါတယ်။

တဖက်မှာလည်း လုပ်ငန်းရှင်တွေကို ကြံ့ခိုင်ရေးပါတီဝင်မှ စက်မှုဇုန်မှာ မြေနေရာ ပေးမယ်၊ ချေးငွေထုတ်ပေးမယ်၊လျှပ်စစ်မီး ပုံမှန်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ မဲဆွယ် စည်းရုံးနေတယ်၊

စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ကြံ့ခိုင်ရေးပါတီက အမတ်လောင်းတွေကို ငွေကြေး အကူအညီ ပေးရမယ်၊ မဲဆွယ်စည်းရုံးမှုတွေ လုပ်ပေးရမယ်လို့ ဖိအားပေး ပြောဆိုကြောင်း ကြံ့ခိုင်ရေးပါတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။