တရုတ် မြန်မာ နယ်စပ်က တရုတ်မြန်မာဆွေမျိုးပေါက်ဖေါ်ပွဲ

  • 2 အောက်တိုဘာ 2010
Image caption တရုတ်မြန်မာ ဆွေမျိုးပေါက်ဖေါ်ပွဲကြီး

မကြာသေးခင်ကပဲ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်နေချိန်မှာပဲ တရုတ်မြန်မာနယ်စပ်မှာလည်း တရုတ်မြန်မာ ဆွေမျိုးပေါက်ဖေါ်ပွဲကြီးကို ခမ်းခမ်းနားနား ကျင်းပနေပါတယ်။

ဒီနှစ်ထူးခြားတာကတော့ တရုတ်ပြည်သစ်ထူထောင်တဲ့ အောက်တိုဘာလ ၁ ရက်နေ့နဲ့ တဆက်တစပ်တည်း တရုပ်မြန်မာ ဆွေမျိုးပေါက်ဖေါ်ပွဲကြီးကို ကျင်းပလာတာတွေ့ရတဲ့ပြီး အခမ်းအနားကိုလည်း ဒီနှစ်မှာ ခါတိုင်းနှစ်တွေထက် ပိုပြီး စည်စည်ကားကားလုပ်တာတွေ့ရပါတယ်။

ရွှေလီမြစ်ဘေးကွင်းပြင်မှာ သောကြာနေ့ည အခမ်းအနားကို တရားဝင်ဖွင့်လှစ်ခဲ့ပြီး ရွှေလီကျောက်တန်းရဲ့ရှေ့မှာ ဒဿမအကြိမ်မြောက် တရုတ်မြန်မာဆွေမျိုးပေါက်ဖေါ် ပျော်ပွဲသဘင်နှင့် တတိယအကြိမ်မြောက် နိုင်ငံတကာ ကျောက်မျက်ရတနာ ယဉ်ကျေးမှုပွဲ အခမ်းအနားတစ်ခုလည်း ကျင်းပခဲ့ပါတယ်။

စနေနေ့မနက်ပိုင်းမှာ နွားလှည်းအလှပြပွဲနဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပေါင်းစုံပါဝင်တဲ့ လူပရိသတ် တစ်ထောင်ကျော်တက်ရောက်တဲ့ပွဲ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံက နွားလှည်း ၄ စီးနဲ့ လူ ၁၀၀ ခန့်တက်ရောက်ပါဝင်ခဲ့တယ်လို့ မြန်မာအဖွဲ့မှာ ပါလာသူတဦးက ပြောပါတယ်။

တရုတ်မြန်မာ ဆွေမျိုးပေါက်ဖေါ်ပွဲကြီးကို အောက်တိုဘာ ၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ကြောင်း သိရှိရပါတယ်။