ရွေးကောက်ပွဲလွန်ကာလ စိန်ခေါ်မှု ပိုများ

  • 3 အောက်တိုဘာ 2010
U Aung Moe Zaw
Image caption DPNS ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်

၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီအင်အားစုတွေအတွက် အခက်အခဲတွေ ပိုကြုံရနိုင်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

လန်ဒန်မြို့မှာရှိတဲ့ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိကရေးရာလေ့လာ ရေးကျောင်း SOAS မှာ မနေ့တုန်းက မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဟောပြောဆွေးနွေးပွဲတစ်ခုမှာ အဓိက ဆွေးနွေးဟောပြောသူ ဦးအောင်မိုးဇော်က ပြောသွားတာပါ။

ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့ နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖြစ်အောင် ဖိအားပေး လုပ်ဆောင်မှုတွေ ရှိနေပေမယ့် မဖြစ်လာရင် ရွေးကောက်ပွဲကို ဆန့်ကျင်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီမိုကရေစီအင်အားစုတွေအတွက် စိန်ခေါ်မှုတစ်ခုကတော့ မြန်မာအစိုးရက ရွေးကောက်ပွဲကို တစ်ဘက်သတ် ကျင်းပသွားရင်တောင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတချို့ကို ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်ရှိနေတယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

အဲဒီအချိန်မှာ ပြည်တွင်း ပြည်ပက ဒီမိုကရေစီအင်အားစုတွေအတွက် နေရထိုင်ရ လှုပ်ရှားဆောင်ရွက်ရတာ အခက်အခဲဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် ဒီမိုကရေစီအင်အားစုတွေအနေနဲ့ အခုထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ဖို့ ပိုပြီး လိုအပ်လာတယ်လို့ သုံးသပ်ပြောဆိုပါတယ်။