ဒီမိုကရေစီ ပါတီ အင်အားစုတွေ ကြေညာချက်ထုတ်

  • 2 အောက်တိုဘာ 2010
UDP
Image caption ဒီမိုကရေစီ မိတ်ဆွေပါတီများ ဖွဲ့ဖို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီက စီစဉ်ခဲ့

ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အင်အားစုက စနေနေ့ မှာ တွေ့ဆုံပြီး ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ အင်အားစုထဲမှာ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ စတဲ့ နိုင်ငံရေး ပါတီ ၆ ပါတီ ပါဝင်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ရွေးကောက်ပွဲကို ပြည်သူ တရပ်လုံး သပိတ်မှောက်ခြင်းအားဖြင့် ပြည်သူတွေ လိုလားတဲ့ အပြောင်းအလဲမျိုး ဖြစ်လာမှာ မဟုတ်တဲ့ အတွက် ဒီမိုကရေစီ မိတ်ဆွေ ပါတီတွေကို တခဲနက် ထောက်ခံမဲ ပေးကြဖို့ လိုတယ်လို့ ဖေါ်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ NLD ဝင်မပြိုင်တော့တဲ့အတွက် ဒီမိုကရေစီ အင်အားနည်းတယ်လို့ ပြည်သူတွေ ယူဆမှာကို စိုးတဲ့အတွက် ဒီမိုကရေစီ အင်အားစု အရေအတွက်ကို ထုတ်ဖေါ်ပြတဲ့ အနေနဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည် စာရင်းကို စုပေါင်း ဖေါ်ပြထားတယ်လို့လည်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးသိန်းဌေးက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ တလသာ လိုတော့တဲ့ အခုချိန်က စပြီး ဒီမိုကရေစီ မိတ်ဆွေ ပါတီတွေရဲ့ လှုပ်ရှားမှု အခြေအနေတွေနဲ့ လမ်းစဉ်တွေကို ပြည်သူလူထုကို စဉ်ဆက်မပြတ် တင်ပြ စည်းရုံးသွားဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

မဲဆွယ်စည်းရုံးမှုတွေကို လုပ်ချင်သလောက် လုပ်ခွင့်ရဖို့ အားနည်းပေမဲ့ လုပ်နိုင်သလောက် လုပ်သွားမယ်လို့ ဦးသိန်းဌေးက ဘီဘီစီက ပြောပါတယ်။