နယ်ခြားလုံခြုံရေး ဆွေနွေး

  • 3 အောက်တိုဘာ 2010
Laos
Image caption လာအို နိုင်ငံ ဗီယံကျင်းမြို့တော်

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာအိုနိုင်ငံကို ၃ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပါတယ်။

သူ့ရဲ့ ဒီခရီးစဉ်မှာ ရွေးကောက်ပွဲအစီအစဉ်၊ နှစ်နိုင်ငံ အကျိုးတူ ကိစ္စ၊နယ်စပ်လုံခြုံရေး စတာတွေကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။

နယ်စပ်လုံခြုံရေးကိစ္စ ဆွေးနွေးတယ်ဆိုရာမှာ အဓိကအားဖြင့် အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေနဲ့ သက်ဆိုင်တယ်လို့ ရှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောပါတယ်။

မဲခေါင်မြစ်ဟာ လာအို၊ ဗမာ၊ တရုတ်၊ ထိုင်း ၄ နိုင်ငံကို ဖြတ်သန်းစီးဆင်းနေတာဖြစ်ပြီး ဗမာဘက်မှာ မုန်းလား၊ အက်စ်အက်စ်အေ မြောက်ပိုင်း၊ ဝနယ် သွေးစည်း ညီညွတ် ရေးတပ်မတော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေကိုဖြတ်ပြီး စီးဆင်းနေတာဖြစ်လို့ ဒီအဖွဲ့တွေနဲ့ ပြေလည်မှုမရတဲ့အခါ နယ်မြေဆက်စပ်နေတဲ့ လာအိုအနေနဲ့ စစ်အစိုးရကို ပူးပေါင်းဆောင်ရွက်မှုရအောင် အဓိကထား ဆွေးနွေးနိုင်စရာရှိတယ်လို့ ဦးခွန်ဆိုင်းက ဆိုပါတယ်။

ဒီလို သွားရောက်ဆွေးနွေးတယ်ဆိုတာက တကယ်လို့ စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေ ပြေလည်မှုမရလို့ အပစ်ရပ်အဖွဲ့တွေက လာအိုနယ်ထဲ ဝင်လာပြီဆိုရင် လာအိုအနေနဲ့ ထိန်းချုပ်ပေးဖို့၊ ကြည့်ပေးဖို့၊ သတင်းဖလှယ်ဖို့ ဖြစ်မယ့်အကြောင်း ၊ အဲဒီဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သက်ဆိုင်ရာ နယ်မြေချင်းဆက်နေတဲ့ လာအိုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ သွားရောက်ဆွေးတာဖြစ်တယ်လို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ပြီးခဲ့တဲ့လထဲတုန်းကလည်း တရုတ်ပြည်ခရီးစဉ်မှာ နယ်စပ်ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီလအတွင်းမှာပဲ ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာပြည်ကို လာရောက်မှာဖြစ်တယ်ဆိုတဲ့အချက်တွေဟာ နယ်စပ်ကိစ္စမှာ သက်ဆိုင်ရာနယ်မြေချင်းဆက်နေတဲ့ နိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရဖို့အခုလို ဆွေးနွေးနေတာဖြစ်တယ်လို့ယူဆရပါတယ်။