ကော်မရှင် အထက်မှာ စစ်တပ်ရှိသလား

  • 4 အောက်တိုဘာ 2010
Security
Image caption ရွေးကောက်ပွဲ အကြိုကာလ စစ်ဆေးမှု တင်းကြပ် နေပုံ

ရန်ကုန်မြို့မှာ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် လောင်းတွေ မဲဆွယ်ဖို့ ကော်မရှင်ကို ကြိုတင် အကြောင်း ကြားရာမှာ လျှောက်လွှာ မိတ္တူပိုတောင်းပြီး တိုင်း စစ်ဌာနချုပ်ရဲ့ ခွင့်ပြုချက် ရယူရမယ်လို့ ကော်မရှင်က ပြောနေပါတယ်။

ဒါဟာ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ မညီညွတ်ဘူးလို့ ကျောက်တံတား မြို့နယ် ပြည်သူ့လွှတ်တော် အတွက် အရွေးခံမယ့် ဝံသာနု အင်အယ်လ်ဒီ ပါတီက ဦးထွန်းရွှေက တုန့်ပြန်ပြောဆိုပါတယ်။

ပါတီရဲ့ ကြေညာ စာတမ်းနဲ့ ကိုယ်ရေးရာဇဝင် ဝေမယ် ဆိုရင် သက်ဆိုင်ရာ တိုင်းကို ကြိုတင် ပြီးတော့ ခွင့်ပြုချက် တင်ရပါတယ်။ လက်တွေ့ စာတင် တဲ့ အခါမှာတော့ သက်ဆိုင်ရာ စစ်တိုင်းကို ပေးဖို့လိုတယ်ဆိုပြီး မိတ္တူ ပိုတောင်းပါတယ်။ စစ်တိုင်းက အကြောင်းပြန်ကြားချက်ရမှ ဝေပါလို့ ကော်မရှင်က ပြောလာတယ်လို့ ဦးထွန်းရွှေက ဘီဘီစီကို ပြောပါတယ်။

ဒီသဘောဟာ ကော်မရှင်ရဲ့ အထက်မှာ စစ်တပ်ရှိနေတဲ့ သဘောဖြစ်နေတယ်၊ ကော်မရှင်ရဲ့အထက်မှာ အခုလို စစ်တပ်ရှိနေတာကိုတော့ နားမလည်နိုင်အောင်ဖြစ်ရတယ်လို့လည်း ဦးထွန်းရွှေက ပြောပါတယ်။

တခြားပါတီက လွှတ်တော် အမတ်လောင်းတွေလည်း အလားတူ တောင်းခံတာမျိုးတွေ ရှိနေတဲ့အတွက် စစ်တပ်က ဝင်ရောက်စွက်ဖက်နေတဲ့ အနေအထားမျိုး ရှိတယ်လို့ ပြောဆိုနေကြပါတယ်။