NLD ပါတီ ပယ်ဖျက်ခံရတာအပေါ် တရားစွဲမည်

  • 4 အောက်တိုဘာ 2010
NLD ပါတီအဖြစ်ကပယ်ဖျက်ခံရ
Image caption NLD ပါတီအဖြစ်ကပယ်ဖျက်ခံရ

အဖွဲ့ ချုပ်အတွင်းရေးမှူးအနေနဲ့ အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အရင်တွေ့ဆုံခွင့် ရကတည်းက တရားစွဲဖို့ သဘောတူပြီးသားဖြစ်တယ်၊ ရှေ့နေအဖြစ် ကိုယ်စားလှယ် လွှဲပြီးသား ဖြစ်တယ်လို့ ရှေ့နေဦးဉာဏ်ဝင်းက ပြောပါတယ်။

လက်ရှိကော်မရှင် ရဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ရေး ဥပဒေအရ သတ်မှတ်တဲ့ အချိန်အတွင်း မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ်ဆိုပေမဲ့ အဖွဲ့ချုပ်အနေနဲ့ ၄/၈၈ အရ မှတ်ပုံတင်ပြီး ဖြစ်တယ်၊ ဥပဒေအသစ်ပြဌာန်း ပေမဲ့ ဥပဒေအဟောင်းအရ ရရှိခံစားထိုက်တဲ့ အခွင့်အရေးတွေ ဆက်ခံစားခွင့်ရှိကြောင်း၊ ဥပဒေဟာ နောက်ကြောင်းပြန်သက်ရောက်မှု မရှိစေရသလို တကယ်လို့ အဲဒီလို သက်ရောက်စေချင်ရင်လည်း ဥပဒေအရ ဖေါ်ပြရကြောင်း၊ဒါကြောင့် အခုပြဌာန်းချက် တွေက အဖွဲ့ချုပ်အပေါ်အကျိုးသက် ရောက်မှု မရှိဘူးလို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

အရင်ကလည်း ဥက္ကဌ ဦးအောင်ရွှေက တရားစွဲတာကို တရားရုံးချုပ်က လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီးပယ်ချလို့ ဘယ်လုပ်ထုံးလုပ်နည်းလည်းဆိုတာ မဖေါ်ပြတဲ့အတွက် တရားရုံးချုပ် လက်စွဲဥပဒေနဲ့မညီကြောင်း ပြန်တင်တာကို အခုအထိဘာမှ မပြန်ကြားဘူးလို့ ဦးဉာဏ်ဝင်းက ဘီဘီစီကိုပြောသွားပါတယ်