လက်နက်တပ် ယုဇန ဝန်ထမ်းတွေကို ပြည်သူတွေ လန့်နေ

  • 5 အောက်တိုဘာ 2010

ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသ ဖားကန့်မြို့နယ် ထဲက ယုဇန ကုမ္ပဏီ ရုံးစိုက်ရာ နေရာမှာ ကုမ္ပဏီ ဝန်ထမ်း တွေကို မြန်မာ စစ်တပ် ဘက်က စစ်သင်တန်း တွေ ပေးနေလို့ ဒေသခံတွေ ကြားမှာ စိုးရိမ် နေကြ ပါတယ်။

Image caption ကချင်ပြည်နယ် က ဟူးကောင်း ချိုင့်ဝှမ်း ဒေသ ရှုခင်း

ဒီလို သင်တန်း တွေကို လွန်ခဲ့တဲ့ သုံးလ က တည်း က စတင် ပေးနေခဲ့တာ ဖြစ်ပြီး အခုဆို သုံးကြိမ် ရှိပြီ ဖြစ်လို့ လက်နက် တပ်ဆင်ပွဲ ပြုလုပ်ခဲ့ ပြီးပြီလို့ ဒီအကြောင်း တွေကို လေ့လာ သိရှိ ထားတဲ့ ကချင် လူမှု ဖွံ့ဖြိုးရေး ကွန် ယက် က ဦးအောင်ဝါက ပြောပါတယ်။

အဲဒီ လို လက်နက် တပ်ဆင်ပွဲမှာ ဒေသ ကွပ်ကဲမှု ဆိုင်ရာ စစ်ဆင်ရေး ဌာနချုပ်က ဒကစမှူးနဲ့ တပ်ရင် (၂၉၇) တပ်ရင်းမှူး တို့ လာရောက်ပြီး လက်နက်တွေ တပ်ဆင် ပေးခဲ့တဲ့ အကြောင်းနဲ့ သင်တန်း ပေးထားသူ တွေကို တရုတ် လုပ် အမ် (၂၂) လက်နက် အလက် ခြောက်ဆယ် တပ်ဆင် ပေးခဲ့တယ်လို့ လည်း ဦးအောင်ဝါက အခိုင်အမာ ပြောပါတယ်။

အခုဆိုရင် သင်တန်း ပေးပြီးသူပေါင်း ငါးရာကျော် ရှိနေပြီလို့ လည်း သူက ဆက်ပြော ပါတယ်။

ဒီလို သင်တန်း ပေးတယ် ဆိုတာနဲ့ ပတ်သက်ပြီး ယုဇန ကုမ္ပဏီ ဘက်ကို မေးဖို့ ကြိုးစားခဲ့ ပေမဲ့ တာဝန်ရှိသူနဲ့ တော့ ပြောခွင့် မရသေးပါဘူး။

ကချင် ပြည်နယ် ဒေသခံတွေကတော့ ယုဇန ကုမ္ပဏီဟာ အခုလို လက်နက် တပ်ဆင်မှု မလုပ်ခင်ကတောင် သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ အတွက် ဒေသခံတွေရဲ့ မြေယာ တွေကို အတင်း သိမ်းယူတာ မျိုးလို မတရား လုပ်ဆောင်မှု တွေ ရှိခဲ့တာ ကြောင့် အခုဆို ပိုတောင် ဆိုးလာလေ မလားလို့ စိုးရိမ် နေတယ်လို့ ဒေသခံ အမျိုးသမီး တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တောင်သူတွေရဲ့ လယ်ယာမြေတွေ ဉယျာဉ် ခြံမြေ တွေရဲ့ နေရာကို အတင်း သိမ်းယူပြီး ယုဇန ကုမ္ပဏီရဲ့ လုပ်ငန်းတွေ အတွက် အသုံးပြုတာကြောင့် လယ်မဲ့ ယာမဲ့ ဖြစ်သွားကြသူ တောင်သူတွေ စုပေါင်းပြီး ယုဇန ကုမ္ပဏီဥက္ကဌ ဦးဌေးမြင့် နာမည်တပ်ပြီး တရားစွဲဆို ထားခဲ့တာကို ဥက္ကဌ နာမည် ဖြုတ်ပေးဖို့ စက်တင်ဘာ လေးရက် ရုံးချိန်းနေ့က သူတို့ ကုမ္ပဏီ ဘက်က တောင်းဆို ခဲ့တယ်လို့ လည်း အဲဒီ ဒေသခံက ပြောပါတယ်။

တောင်သူတွေ ဘက်ကလည်း ဒီကိစ္စကို လိုက်လျော နိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ အဲဒီကိစ္စကို အဆုံးအဖြတ် ပေးဖို့ လာမယ့် (၇) ရက်နေ့မှာ နောက် ရုံးချိန်း တစ်ခု ရှိတယ် လို့လည်း သူက ဆိုပါတယ်။