ရွေးကောက်ပွဲကျင်းပဖို့ တစ်လသာ လို

  • 6 အောက်တိုဘာ 2010
Burma Elections
Image caption ရန်ကုန်မြို့မှာ မဲထည့်ရမည့်ပုံစံ သရုပ်ပြနေစဉ်

ဒီကနေ့ဟာ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကျင်းပဖို့ တစ်လတိတိပဲ လိုတော့တဲ့အချိန် ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှာ ဆွေးနွေးလှုပ်ရှားမှုတွေ တွေ့ရသလို ဆွီဒင်နိုင်ငံက ပါလီမန်မှာလည်း မနေ့တုန်းက မြန်မာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို အတိုက်ခံ ဒီမိုကရေစီ အင်အားစုတွေက ဘာကြောင့် လက်မခံကြသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲကို ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတွေ၊ ပါလီမန်အမတ်တွေနဲ့ မြန်မာ ဘက်ကဆိုရင်လည်း မြန်မာနိုင်ငံရှေ့နေများကောင်စီက ဦးအောင်ထူးလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီတဲ့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတဲ့အပြင် အားလုံးပါဝင်နိုင်မှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ရှိမှာမဟုတ်ပေမယ့် ရွေးကောက်ပွဲပြီးရင် အပေါ်ယံပိုင်းကတော့ ပြောင်းလဲလာမယ်၊ ဥပမာ ပြည်နယ်လွတ်တော်တွေ ပြည်နယ်အစိုးရတွေ ပေါ်လာမယ်လို့ ဧရာဝတီမဂ္ဂဇင်းရဲ့ ရွေးကောက်ပွဲစာမျက်နှာ တာဝန်ခံ ဦးထက်အောင်က ပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲရဲ့ ပထမသက်တမ်းမှာတော့ လူထုအတွက် တခြား အပြောင်းအလဲတွေ မျှော်လင့်နိုင်ဖွယ်မရှိဘူးလို့ သူက သုံးသပ်ပါတယ်။