မဲစာရင်းကူးဖို့ တောင်းသူကို ရာအိမ်မှူးက ထိုးကြိတ်လွှတ်

  • 6 အောက်တိုဘာ 2010
Image caption ကော်မရှင်ရုံးတခုမှာ မဲစာရင်းလာကြည့်နေသူများ

မြန်မာနိုင်ငံမှာ လာမဲ့လ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေရဲ့ အမည်စာရင်းကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေက ကြိုတင်ကြေညာပေးရမယ်လို့ ရွေးကောက်ပွဲဥပဒေမှာ အတိအလင်း ဖေါ်ပြထားပေမယ့် မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာတော့ ဒီလို ကြေညာမပေးတဲ့အပြင် သွားမေးတဲ့သူကိုတောင် ကိုယ်ထိလက်ရောက် ရန်ပြုတာခံခဲ့ရတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ရွှေအိုး အမှတ်(၂) ရပ်ကွက် စည်းရုံးရေးမှူး ဦးခင်မောင်လတ်က ပြောပါတယ်။

ရပ်ကွက် ကော်မရှင်ရုံးကို သွားပြီး မဲနံပါတ်စာရင်း ကူးယူခွင့်ပြုဖို့ပြောတဲ့အခါ ပထမတကြိမ်မှာ ရာအိမ်မှူးက မချေမငံပြောဆိုပြီး ရုံးထဲက နှင်ထုတ်ခဲ့တယ်၊ နောက်တစ်ကြိမ် ကော်မရှင်ရုံးထဲပြန်ဝင်ပြီး ကူးယူခွင့်တောင်းတဲ့အခါ ရာအိမ်မှုးက ထိုးကြိတ်လွွှတ်လိုက်တယ်လို့ ဦးခင်မောင်လတ်က ပြောပြပါတယ်။

ထိုးကြိတ်ခံရလို့ မျက်နှာနဲ့ ခြေလက်တွေမှာ ပေါက်ပြဲဒါဏ်ရာတွေ ရခဲ့တဲ့အပြင် လူစုလူဝေးနဲ့ ဝိုင်းဝန်းခြိမ်းခြောက်တာကို ခံခဲ့ရလို့ ဦးခင်မောင်လတ်က တောင်တွင်းကြီး ရဲစခန်းမှာ တိုင်ကြားတဲ့အခါ ရာအိမ်မှူး ဦးမျိုးဝင်းကို ခံဝန်ချက် လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက စုံစမ်းတဲ့ မဲနံပါတ်စာရင်းကိုတော့ အခုအချိန်အထိ ထုတ်မပေးသေးလို့ မြို့နယ်ကော်မရှင်ရုံးကို တိုင်ကြားထားတယ်လို့ မကွေးတိုင်း ဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် တစည ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ရွှေက ဘီဘီစီကို ပြောပါတယ်။