ကလေးတွေ အိမ်ပြန်ဖို့ သီတဂူ ဆရာတော် ကြီး စီစဉ်

  • 6 အောက်တိုဘာ 2010

သီရိလင်္ကာ နိုင်ငံမှာ အခက် အခဲတွေ မျိုးစုံ ကြုံရလို့ အိမ်ပြန် လာချင် နေကြ တဲ့ မြန်မာ ကလေးငယ် တွေကို ပြန်ခေါ် နိုင်ရေး အတွက် သီတဂူ ဆရာတော် ကြီး အရှင် ဉာဏိသရ က ဦးဆောင် စီစဉ်နေ ပါတယ်။

Image caption လူမှူရေး လုပ်ငန်းတွေ မှာပါ ကူညီ ဆောင်ရွက်ပေးနေသူ သီတရူ ဆရာတော်ကြီး

အဲဒီ ကလေးငယ် တွေဟာ သူတို့ ဘဝ တိုးတက် ရာ တိုးတက်ရေး အတွက် ပညာ သင်ကြား နိုင်ဖို့ မျှော်လင့်ချက် တွေနဲ့ ပြည်ပ ကို လိုက်သွား ကြ တာ ဖြစ်ပါတယ်။ သီရိ လင်္ကာ နိုင်ငံက သမ္မတ ကြီး မြန်မာ နိုင်ငံကို လာရောက် ခဲ့စဉ်က အတူ လိုက်ပါ လာခဲ့သူ ဒေါက်တာ စန္ဒိမာ ဆိုတဲ့ သီဟို ဘုန်းကြီး နဲ့ အတူ အဲဒီ ကလေးတွေ လိုက်သွား ခဲ့ တာပါ။

ကလေးတွေရဲ့ နိုင်ငံကူး လက်မှတ် တွေကို ဒေါက်တာ စန္ဒိမာက သိမ်းယူ ထားတယ်၊ အိမ်ပြန် ချင်တဲ့ ကလေးတွေက သီရိလင်္ကာ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို သူတို့ အိမ်ပြန် ချင်တဲ့ အကြောင်း စာရေး ကြောင်းကြား တဲ့ အခါ သံရုံးက နိုင်ငံကူး လက်မှတ် တွေကို ပြန်တောင်းပေး လို့ ပြန်ရ တာကြောင့် လမ်းစရိတ် ထုတ်ပေးတာ ဖြစ်တယ်လို့ ဆရာတော် အရှင် ဉာဏိသရက ဘီဘီစီကို ပြောပါတယ်။

ကလေးတွေထဲမှာ နာဂစ် ဒေသက ကလေးငယ်တွေ၊ သီလရှင် လေးတွေနဲ့ ကိုရင်လေး တွေ ပါဝင်ပါတယ်။ အားလုံးကတော့ မိဘမဲ့ ကလေးတွေ မဟုတ်ကြ ပါဘူး။ သူတို့ကို ပညာ သင် ပေးမယ် ဆိုပြီး ခေါ်သွားတဲ့ သီရိလင်္ကာ ဘုန်းကြီးက ထိုင်ဝမ်ကို ခေါ်သွား ခဲ့တာ ဖြစ်ပြီး အဲဒီမှာ နေစားရိတ် စားစရိတ် ကြီးတဲ့ အတွက် နောက်ပိုင်းမှာ သူ့ဇာတိ သီရိ လင်္ကာကို ခေါ်သွားခဲ့ပြီးတဲ့ နောက် ရွာတွေမှာ နေရာ ချထား ပေးခဲ့တာလို့ သိရပါတယ်။

နေထိုင် စားသောက်ရေး ဆင်ရဲ လွန်း ပြီး ဒုက္ခရောက်နေကြတဲ့ ကိုရင်နဲ့ သီလရှင်လေး တွေက သူတို့ နီးစပ်ရာ သီရိလင်္ကာ ရောက် စာသင်သား မြန်မာ ဘုန်းကြီးတွေကို ပြောပြပြီး အကူအညီ တောင်းခံခဲ့ ပါတယ်။

အဲဒီ ဘုန်းကြီးတွေ ကိုယ်တိုင် ကလည်း သူတို့ ကိုယ် သူတို့တောင် အနိုင်နိုင် ရုန်းကန်ပြီး ဆက်လက် ပညာ သင်နေကြရတာ ဖြစ်လို့ အကူအညီ မပေး နိုင်တဲ့ အတွက် စက်တင်ဘာ လကုန်ပိုင်းက သီတဂူ ဆရာတော် ဘုရား သီရိလင်္ကာကို ကြွခဲ့တဲ့ အချိန်က လျှောက်ထား အကူအညီ တောင်းခဲ့ကြရာက အခုလို အိမ်ပြန်ခေါ်ရေး ဖြစ်လာတာလို့ သိရပါတယ်။

အခုတော့ သီရိ လင်္ကာကို ရောက်ပြီး အခက်အခဲ တွေ့နေ ကြတဲ့ မြန်မာ ကလေးငယ် တစ်ရာ လောက်ကို အိမ်ပြန်ခေါ်နိုင်ဖို့ ဆရာတော်က စီစဉ် နေရာမှာ ပထမ အသုတ် အနေနဲ့ ကလေး (၃၅) ယောက်ကို ဒီလ (၁၉) ရက်နေ့ ရန်ကုန်ကို ပြန်ရောက်လာကြပါတော့ မှာ ဖြစ်ပါတယ်။