ရွေးကောက်ပွဲတလအလို ပါတီတွေအနေအထား

  • 7 အောက်တိုဘာ 2010
ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများပါတီ
Image caption ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်း တိုင်းရင်းသားများပါတီ

နောက်ထပ် တလပြည့်တဲ့ နေ့မှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတော့မှာမို့ ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေကလည်း စည်းရုံးရေးတွေ အားသွန်ပြီး လုပ်နေကြဆဲပါ။

ဒီမိုကရက်တစ်ပါတီအနေနဲ့ကတော့ အဆင်သင့်မဖြစ်သေးတဲ့အကြောင်း ပါတီဥက္ကဌ ဦးသုဝေက ပြောပါတယ်။ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေမှာ တအိမ်တက်ဆင်း ကြေညာစာတမ်းတွေဝေ၊ စါစေါင်ရောင်း၊ လူတွေ စိတ်ပါဝင်စားလာအောင် လိုက်ပြီး ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက လူတွေ အင်တိုက် အားတိုက်ထွက်ပြီး မဲလာမပေးဘူးဆိုရင်တော့ ဒီမိုကရေစီအင်အားစုတွေ ရှုံးမှာ သေချာတယ်လို့ ပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ထူထောင်တာ ၁၇ နှစ်ရှိပြီဖြစ်ပြီး တစည ဆိုရင် နှစ်ပေါင်း ၄၀ ရှိပြီဖြစ်လို့ ဒီမိုကရေစီအင်အားစု ပါတီသစ်တွေက လပိုင်းလေးပဲ ရှိသေးတာမို့ လူတွေ အင်တိုက်အားတိုက် မဲလာမပေးလို့ကတော့ ပါတီသစ်တွေ ရှုံးမှာဖြစ်တယ်လို့လည်း သုံးသပ်ပြပါတယ်။

ကျေးလက်ဒေသတွေမှာတော့ လူထုကို အသိပေးစည်းရုံးဖို့ အခက်အခဲတွေရှိနေပြီး လယ်သမားတွေ အလုပ်များနေတဲ့အချိန်မို့ နိုင်ငံရေးကို အာရုံမစိုက်နိုင်ကြဘူးလို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြောခွင့်ရသူ ဦးဟန်ရွှေက ဆိုပါတယ်။

NDF အမျိုးသားနို်င်ငံရေးအင်အားစုက မန္တလေးတိုင်း ပြည်ကြီးတံခွန် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်အတွက် အရွေးခံမယ့် ဦးအောင်ခိုင်ကတော့ လူတွေ တဝက်လောက်တောင်မှ လာချင်မှလာမယ်ထင်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။ မြို့ပေါ်ကတော့ အသိတရားရှိပေမယ့် နယ်တွေမှာကတော့ ရွေးကောက်ပွဲကို လာရမယ် ဆိုတာကိုလည်း မသိကြသေး၊ ဘယ်ပါတီက ဘယ်သူ့ကို မဲပေးရမယ်ဆိုတာတွေကိုလည်း သဲသဲကွဲကွဲ မရှိကြသေးဘူးလို့ ပြောပါတယ်။