ဒေါ်အောင်ဆန်းစုကြည်အမှုတွဲ လက်ခံ

  • 8 အောက်တိုဘာ 2010

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကန့်သန့်ချက်တွေ ချိုးဖေါက်တယ် ဆိုပြီး အရေးယူအပြစ်ပေးထားတဲ့ အမှုကို နိုင်ငံတော်တရားရုံးချုပ် အထူး အယူခံ ရုံးမှာ အယူခံတင်ထားခဲ့ရာက အခုလာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ လက်ခံ သင့်မသင့် ကြားနာမယ်လို့ တရားရုံး နို့တစ်ဘုတ်မှာ ကြေညာပါတယ်။

Image caption အပြစ်မရှိကြောင်း ဥပဒေနဲ့အညီ ပြချင်လို့ ဒေါ်အောင်ဆန်းစုကြည် ရုံးအဆင့်ဆင့်တက်

အင်းစိန်ထောင်ဝင်းအတွင်း စစ်တဲ့အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် သုံးနှစ် အပြစ်ပေးတာကို တိုင်းတရားရုံးမှာ ဆက်ပြီး အယူခံတယ်၊ တိုင်းရုံးက ပယ်တော့ တရားရုံး ချုပ်မှာ ဆက်ပြီး အယူခံတယ်၊ တခါ ပယ်လိုက် ပြန်လို့ အခု နောက်ဆုံးအနေနဲ့ အထူးအယူခံ ဝင်တယ်၊ ၁၈ ရက်နေ့မှာ လက်ခံသင့်မသင့် ကြားနာဖို့ အမှုရုံးချိန်း ထွက်တာလို့ ရှေ့နေ ဦးဉာဏ်ဝင်းက ဘီဘီစီကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်နိုင်တယ်ဆိုတဲ့ နိုဝင်ဘာ ၁၃ ရက်နဲ့ ကပ်နေပေမယ့် ဒီကြားထဲ ဒီအယူခံအမှုက ပြီးပြတ်နိုင်ခြင်း ရှိမရှိ ကိစ္စကို မစဉ်းစားတဲ့ အကြောင်း၊ တကယ်တော့ အထူးအယူခံဝင်ခွင့် လျှောက်နေတာဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း နဲ့ ဒေါ်ဝင်းမမတို့ဟာ အပြစ်မရှိဘူး ဆိုတာကို လိုချင်လို့ လျှောက်နေတာလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

တခြားအမှုတစ်ခုမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တဲ့အပေါ် ပါတီတရားဝင်ရပ်တည်ခွင့်နဲ့ပတ်သက်ပြီး တရားရုံးကို လျှောက်ထား ခဲ့တဲ့အမှုကို လက်ခံတယ်ဆိုတဲ့ သဘောက မိမိတို့က စွဲဆိုထားတဲ့အမှုကို တရားရုံးက အမှုတွဲကို မှတ်ပုံတင်စာနဲ့ လက်ခံတာကို ဆိုလိုတဲ့အကြောင်း၊ ရုံးချိန်းရက်ကိုတော့ သောကြာနေ့တိုင်း ရုံးနို့တစ်ဘုတ်မှာ စောင့်ကြည့်ရမယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။