ပြည်နယ် နဲ့ တိုင်းတချို့မှာ ရေကြီးနေ

  • 8 အောက်တိုဘာ 2010

ဘင်္ဂလား ပင်လယ်အော်က စခဲ့တဲ့ မုန်တိုင်း အရှိန် ကြောင့် မြန်မာ နိုင်ငံက တိုင်းနဲ့ ပြည်နယ် တချို့မှာ မှာ မိုးကြီးပြီး ရေလျှံမှု တွေ ဖြစ်နေ ပါတယ်။

Image caption နှစ်စဉ်လို ဒီလမှာ ရေကြီးလေ့ရှိ (၂၀၀၆ အောက်တိုဘာက မန္တလေး မြင်ကွင်း)

မန္တလေးမြို့ မှာတော့ မြို့ အရှေ့ဘက် ပန်းရံ တော် ချောင်း တစ်လျှောက်က ရပ်ကွက် တွေမှာ ဒီကနေ့ မနက်က စပြီး နေအိမ်တွေ ရေမြုပ် နေပါတယ်။ လူတွေ ထောင်နဲ့ ချီပြီး ရေဘေး လွတ်ရာကို ထွက်ပြေး နေကြတယ်လို့ ဒေသခံ တွေက ဘီဘီစီကို ပြောပါတယ်။

မန္တလေးတိုင်း အတွင်းမှာ မိုးများတဲ့ အတွက် ဒုတ္ထာ ဝတီ မြစ်ရေ တက်လာလို့ နဒေါင်းကျ ချောင်းရေ ကြီး နေတယ်လို့ သိရ ပါတယ်။

မန္တလေး မေမြို့ ကားလမ်း ပေါ်က ထုံးဘို ဘက်မှာ ရေကြီးနေလို့ ကား အသွားအလာ ပြတ်တောက် နေပါတယ်။ ရေဘေး ဒုက္ခသည်တွေ အနေနဲ့ အစားအသောက် အကူအညီ ရဖို့ ခက်ခဲ နေတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။ အထက်ဘက်က ဆည် တော် လေးဆည် ဖောက်ချတဲ့ အတွက် ရုတ်တရက် ရေကြီး လာတာ လို့လည်း ဒေသခံ တွေက ပြောပါတယ်။

အခု အချိန် အထိ မိုး ကလည်း အဆက် မပြတ်ရွာ နေသေးတဲ့ အတွက် အခြေအနေ ပိုဆိုး လာမှာကို ဒေသခံတွေ စိုးရိမ် နေကြ ပါတယ်။

ရခိုင်ဘက်က အခြေ အနေ

ဘင်္ဂလား ပင်လယ်အော် က မုန်တိုင်း အရှိန်ကြောင့်ပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်တွေ၊ ကျောက်ဖြူ၊ မန်အောင် နဲ့ မောင်းတော မြို့တို့မှာ လေပြင်းတွေ တိုက်ပြီး မိုး သည်းထန်တဲ့ အတွက် ရေကြီးမှုတွေ ဖြစ်နေ ပါတယ်။

မောင်းတော မြို့မှာ မိုးတွေ အဆက် မပြတ် ရွာပြီး ဒီရေတွေ တက်လာနေလို့ မြေ နိမ့် ရပ်ကွက်မှာ နေထိုင် သူတွေက ဘေး လွတ်ရာကို သွားခဲ့ ကြတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ကြာသပတေး ညက မောင်းတောက နေအိမ် အတော် များများမှာ ရေတွေ မြုပ်ခဲ့တဲ့ အပြင် ဘူးသီးတောင်နဲ့ မောင်းတော ကားလမ်းလည်း ကျိုးပျက် သွားခဲ့ပါတယ်။ သောကြာနေ့ ကတော့ ယူအန်ဒီပီက အကူအညီ ပေးနိုင်ရေး အတွက် ဒုက္ခသည် စာရင်း လိုက်လံ ကောက်ယူ နေတယ်လို့ သိရပါတယ်။ စစ်တွေနဲ့ ကျောက်ဖြူ မှာလည်း ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဘက်မှာ တော့ လွန်ခဲ့တဲ့ နှစ်ရက်က လေပြင်း တိုက်ပြီး မိုး တွေရွာ ရေတွေကြီး ခဲ့တဲ့အတွက်၊ ဒေးဒရဲ မြို့နယ် ဆားကျင်း ရွာမှာ အိမ်ခြေ အတော် များများ ပျက်စီးခဲ့ပါတယ်။ လူ အသေ အပျောက်တော့ မရှိဘူလို့ ဒေသခံ တွေက ပြောပါတယ်။