အမတ်ကို ကန့်ကွက်ချင်ရင် ငွေ ၁၀ သိန်းတင်

  • 8 အောက်တိုဘာ 2010

လာမယ့်ရွေးကောက်ပွဲမှာ အမတ်အဖြစ် အရွေးချယ် ခံရတဲ့သူတွေကို မဲလိမ်တယ် တရာမမျှတမှု မရှိဘူး ဆိုပြီး ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်သူနဲ့ ကန့်ကွက်ခံရတဲ့သူ နှစ်ဦးစလုံးက တစ်ဦးကို တရားရုံး စရိတ်အဖြစ် ကျပ်ငွေ ၁၀ သိန်းစီ တင်ရမယ်လို့ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် နည်းဥပဒေ ပုဒ်မ ၉၆ မှာ ဖေါ်ပြ ထားပါတယ်။

Image caption ပြည်သူက မဲပေးလို့ တင်လိုက်ပေမယ့် ပြည်သူက ပြန်ကန့်ကွက်ဖို့ ခက်အောင်လုပ်ထားသလား

ဒါဟာ ကိုယ်စားလှယ်တွေကို အလွယ်တကူ ကန့်ကွက်လို့ မရအောင် လုပ်ထားတဲ့ သဘော ဖြစ်တယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

တကယ်တော့ ကန့်ကွက်ခံရသူက ပြန်လည် ခုခံချေပဖို့ပဲ ရှိတယ်လို့ သူမြင်တဲ့အကြောင်း၊ အခုတော့ ကန့်ကွက်သူဘက်က ၁၀ သိန်း တင်ရမယ် ဆိုတော့ ဒါဟာ ဘယ်လိုမှ တရား မျှတတယ်လို့ ပြောလို့မရနိုင်တဲ့ အကြောင်း၊ ဒီလိုကိစ္စတွေဟာ နိုင်ငံတော်က တာဝန်ယူပြီး လုပ်ရမယ့်ကိစ္စလို့ သူမြင်တဲ့အကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဘီဘီစီကို ရှင်းပြ ပါတယ်။

အခုလို နှစ်ဦးနှစ်ဘက်စလုံးက ၁၀ သိန်းစီတင်ပြီး ကန့်ကွက်ကြ၊ ချေပကြရမယ်ဆိုရင်တော့ တော်ရုံတန်ရုံ လူအနေနဲ့ ကန့်ကွက်ဖို့ အချက်အလက်ရှိနေတဲ့ တိုင်အောင် ဘယ်သူမှ ကန့်ကွက်နိုင်ကြတော့မှာ မဟုတ်လို့ ဒီဥပဒေဟာ နည်းလမ်းမကျဘူးလို့လည်း ရှေ့နေကြီး ဦးအောင်သိန်းက ဆိုပါတယ်။

ဒီလိုဥပဒေပြဌါန်းထားလို့ ကန့်ကွက်တဲ့သူ နည်းသွားမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူးလို့ နိုင်ငံရေးသမားတွေက ပြောဆို နေကြပါတယ်။