အန်ဂျီအို နဲ့ နိုင်ငံရေး လုပ်ခွင့်

  • 8 အောက်တိုဘာ 2010
mingalar_myanmar
Image caption အန်ဂျီအို လုပ်ငန်းခွင် အတွင်း က ဒေါ်ယူဇာ မော်ထွန်း

အန်ဂျီအို မှာ လုပ်ကိုင်နေ ကြသူတွေ အနေနဲ့ ရွေးကောက်ပွဲ မဝင်သင့်ဘူး လို့ အန်ဂျီအို အဝန်း အဝိုင်းမှာ ပြောဆို နေကြတယ် ဆိုတဲ့ သတင်း တွေ ထွက်လာပြီး နောက်မှာပဲ နိုင်ငံရေးထဲမှာ အန်ဂျီအို အတွေ့ အကြုံရှိသူတွေ ဝင်ရောက် လုပ်ကိုင်တာ ဟာ အများ ပြည်သူ အတွက် အကျိုးရှိ စေ ပါတယ် လို့ မင်္ဂလာ မြန်မာ အန်ဂျီအို က ပြောပါတယ်။

မင်္ဂလာ မြန်မာ အဖွဲ့ ရဲ့ ဒါရိုက်တာ ဒေါ်ယူဇာ မော်ထွန်း က အန်ဂျီအို မှာ လုပ်ကိုင် နေသူ တဦး အနေ နဲ့ လူထု နဲ့ နီးစပ်ပြီး လူထုရဲ့ လိုအပ်ချက် တွေ ကို သိနေတယ်၊ ဆိုတော့ လူထု အတွက် လိုအပ်ချက် တွေ၊ ပြောင်းလဲ ရမယ့် ပေါ်လစီ တွေ အတွက် ပါလီမန် လွှတ်တော် တွင်းမှာ ဝင်ရောက် ပြောခွင့် ရဖို့ အခွင့် အလမ်း တွေ အတွက် နိုင်ငံရေးထဲ ဝင်တာ၊ ရွေးကောက်ပွဲ ကို ဝင်တာ စတဲ့ အလုပ်တွေ ဟာ လုပ်ဆောင် သင့်တဲ့ အလုပ် တွေ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

တဖက်မှာလည်း အန်ဂျီအို ဆိုတဲ့ သဘောသဘာဝ က အာဏာပိုင် အစိုးရ ပိုင်းက လုပ်ဆောင် နေတဲ့ သက်ဆိုင်ရာ ပေါ်လစီတွေ၊ လုပ်ဆောင်ချက် တွေကို ထောက်ပြ ဝေဘန် ရ တဲ့ အခန်းကဏ္ဍ မှာ တာဝန်ယူ ကြရတာမို့ ပါလီမန် လို အာဏာပိုင် အဝန်းအဝိုင်း မှာ ရောက်ရှိ သွားရင် ဒီလို တာဝန် တွေကို ထမ်းရွက်မှု လျော့သွား တာမျိုးတွေ လည်း ဖြစ်သွား နိုင် ပါတယ်။

တခါ အရွေးခံ ရပြီး တဲ့ နောက် ပါလီမန် မှာလည်း တဖက် ကတာဝန် ယူ၊ တဖက်မှာ လည်း အန်ဂျီ အို တာဝန် နဲ့ ဆိုရင် လုပ်သူ ရဲ့ ကိုယ်ကျိုးစီးပွား ရည်ရွယ်ချက် ထွေးရော ယှက်တင် ဖြစ်တတ် တဲ့ သဘာဝကို လည်း ထောက်ပြသူတွေ ရှိပါတယ်။

ဒေါ်ယူဇာ မော်ထွန်း က ပါလီမန် အမတ် အဖြစ် တာဝန် ယူသွားရမယ့် အနေ အထား ဆိုရင် တော့၊ လုပ်ငန်း ကဏ္ဍ တခု ထဲ ကို အင်စိုက်အားစိုက် လုပ် နိုင်ဖို့ အန်ဂျီအို အလုပ် တွေ ကို တာဝန် မယူဖို့ အလေးထား စဉ်းစားသင့် ကြောင်း ပြော ပါတယ်။