USရောက် မြန်မာ အဆိုတော်များဗီဇာ ပြန်ရုပ်

  • 10 အောက်တိုဘာ 2010
WyneSuuKhineThein
Image caption နအဖ ပေါ်လစီကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

နအဖ စစ်အစိုးရ 'ဒေါက်တိုင်တွေ' လို့ ဖော်ပြခံနေရတဲ့ အမေရိကန်ရောက် မြန်မာ အနုပညာသည် ဆယ်ယောက်ရဲ့ နေထိုင်ခွင့် ဗီဇာတွေကို အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်တဲ့ အတွက် ရက်ပိုင်းအတွင်း မြန်မာပြည် ပြန်ရတော့မှာ ဖြစ်ပါတယ်။

အမေရိကန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဗီဇာ ပြန်ရုပ်ဖို့ သက်ဆိုင်ရာကို တိုက်တွန်းပြီးနောက်မှာ အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲနဲ့ သူတို့ ဗီဇာတွေကို ပြန်ရုပ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို အမေရိကန် လာဖို့ စပွန်ဆာ ပေးခဲ့တဲ့ ဆရာတော် ဦးဣသရိယ ကိုယ်တိုင်က သူတို့ကို တာဝန် ဆက်မယူနိုင်တော့ဘူးလို့ သက်ဆိုင်ရာကို အကြောင်းကြားပြီးနောက်မှာ အမေရိကန် အစိုးရက ဗီဇာကို ပြန်ရုပ်သိမ်းရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး။

ဒီအနုပညာသည်တွေထဲက တချို့ဟာ စစ်အစိုးရရဲ့ ဝါဒဖြန့် ရုပ်ရှင်ကား ဖြစ်တဲ့ 'အာရုံဦးမှာ ဖူးသည့်ကြာ' ဇတ်ကားမှာ ပါဝင်ခဲ့တဲ့အတွက် သူတို့ အမေရိကန် ရောက်ကတည်းက သူတို့ သွားလေရာမှာ ဆန္ဒပြခဲ့ကြသလို သူတို့ကို အကြောင်းပြုပြီး မြန်မာ အသိုင်းအဝိုင်းကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဆက်တာဝန် မယူနိုင်တော့တာလို့ ဆရာတော်ဦးဣသရိယက ပြောပါတယ်။

ဝါရှင်တန် ဒီစီမှာ အဆိုတော်တွေက ဖျော်ဖြေဖို့ စီစဉ်ထားတာကို အမေရိကန်က မြန်မာ အသိုင်းအဝိုင်း ပြိုကွဲမှာကို ထောက်ပြီး ဖျက်ပေးဖို့ ဆရာတော်က မေတ္တာရပ်ပေမဲ့ လက်မခံတဲ့အတွက် သူတို့ကို တာဝန်ယူဖို့ အာမခံထားတာကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆရာတော်က ဘီဘီစီကို ပြောပြပါတယ်။

ပုံမှန်ဆိုရင် ခုလို စပွန်ဆာ ရုပ်သိမ်းပြီးနောက်မှာ ဗီဇာရုပ်သိမ်းဖို့ သီတင်း နှစ်ပတ်လောက်ထိ ကြာမြင့်နိုင်ပေမဲ့ အမေရိကန် အခြေစိုက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူတွေက သက်ဆိုင်ရာ အမတ်တွေကို အမြန်ရုပ်သိမ်းဖို့ တိုက်တွန်းပြီးနောက်မှာ ခုလို ရက်ပိုင်းအတွင်း ဆောင်ရွက်လာတာ ဖြစ်တယ်လို့ ဗီဇာ ရုပ်သိမ်းရေးအတွက် လှုံ့ဆော် ဆန္ဒပြနေတဲ့ ကိုညီညီအောင်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။