ရခိုင်ပါတီ စည်းရုံးရေး ကန့်သတ်ခံရ

  • 9 အောက်တိုဘာ 2010
Rakhine
Image caption ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ရခိုင်ပြည်နယ်တွင်းက တိုင်းရင်းသားပါတီ ၅ ခုလောက်မှာ နေရာအများဆုံးပြိုင်

ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေဟာ အပြိုင်အဆိုင် မဲဆွယ်နေကြရာမှာ တိုင်းရင်းသားပါတီတစ်ခုကို ရယက တွေက ဝင်ရောက်နှောက်ယှက်ဟန့်တားမှုတွေ ရှိနေသလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း အင်နဲ့အားနဲ့ စည်းရုံးရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က မြေပုံမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါ လူတွေစုဝေးတတ်တဲ့ ပုဂ္ဂလိကပိုင် ဗီဒီယိုရုံတွေမှာပဲ ပြုလုပ်နေကြရပါတယ်။ ဒီလို စည်းရုံးရေးဆင်းတဲ့အခါ ကျေးရွာ ရယက တချို့က ဟန့်တားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖေသန်းက သူတို့အနေနဲ့ ရွာတစ်ရွာမှာ စည်းရုံးရေးဆင်းတဲ့အခါ ရယက ဥက္ကဌက တိုင်းရင်းသားပါတီအနေနဲ့ မအော်ရဘူး၊ ဗီဒီယို ပိုင်ရှင်ကိုလည်း ပြခွင့်မပေးဘူး၊ လိုင်စင်သိမ်းပစ်လိုက်မယ်လို့ နှစ်ကြိမ်တိတိ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။

တချို့ရွာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရယက ဥက္ကဌတွေကို ခေါ်ယူပြီး ငါတို့နဲ့ပေါင်းရမယ်၊ ငါတို့ရဲ့နောက်မှာ အစိုးရရှိတယ်၊ ငါတို့ကို မဲပေးရင်လည်းနိုင်မယ် မပေးရင်လည်း နိုင်မယ်၊ ငါတို့နိုင်ရင် မင်းတို့ကို လူကြီးခန့်မယ်ဆိုပြီး ခြိမ်းခြောက်စည်းရုံးနေတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တဖက်သတ်လုပ်ဆောင်မှုတွေ ရှိနေပေမယ့်လည်း ရွေးကောက်ပွဲဟာ တရားမျှတမှုတော့ ရှိလိမ်မယ်လို့ သူယုံကြည်တဲ့အကြောင်း ဦးဖေသန်းက ဘီဘီစီကို ပြောသွားပါတယ်။