ဆည်ရေ ဖောက်ထုတ်လို့ ရွာတွေရေမျော လူသေဆုံး

  • 10 အောက်တိုဘာ 2010
Mdy Flood
Image caption မန္တလေးမြို့ မိုးရွာ ရေကြီး (ဓါတ်ပုံ- ဒီမိုဝေယံနဲ့အလင်းစက်)

မန္တလေးမြို့၊ ပုသိမ်ကြီး မြို့နယ်အတွင်းမှာရှိတဲ့ အုန်းချော၊ ဂိုက်တန်း၊ ဂဏန်းကုန်း အပါအဝင် ရွာတချို့မှာ ရွာလုံးကျွတ် ရေကြီးပြီး အိမ်တွေရေထဲမျောပါခဲ့သလို အသက် သေဆုံးမှုတွေလည်း ရှိခဲ့ကြတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

သေဆုံးသူ အရေအတွက် အတိအကျကိုတော့ အတည်ပြု ချက်မရရှိ သေးပါဘူး။

သေဆုံးကြသူ အများစုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။ ရေစီးအား ပြင်းထန်တဲ့ အတွက် ကလေးငယ်တချို့ ရေထဲမျောပါပြီး ပျောက်ဆုံးနေပါတယ်။

အခုအခါ ရေဘေးသင့် ပြည်သူတွေ အတွက် ထမင်းထုပ် လိုက်လံ ဆင့်ခေါ်လှူဒါန်းမှုတွေ ရပ်ကွက်တွေထဲမှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ အနောက်ပိုင်း ချမ်းသာကြီးဘုရားကနေ ပိုက်ကျုံးရပ်တလျောက်မှာ ရေကြီးပြီး လှေနဲ့ခရီးသွားကြရတဲ့ အတွက် လူတယောက်ကို ငွေ နှစ်ရာ လှေခ ပေးနေကြရတယ်လို့ မန္တလေး ဒေသခံ တယောက်က ပြောပါတယ်။

ရန်ကုန်တိုင်း သုံးခွမြို့နယ်အတွင်းက ပင်လယ်နဲ့ထိစပ်နေတဲ့ ကျေးရွာ တချို့မှာလည်း တာဘောင်ရိုးကျိုးကျပြီး ပင်လယ်ရေ လွှမ်းမိုးခဲ့တဲ့ အတွက် အိမ်ခြေ ၆၀ ကျော်နဲ့ လယ်ဧက ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

ရွေဘိုမြို့နယ် မူးမြစ်ကမ်းဘေးမှာရှိတဲ့ မအူပင်ရွာမှာလည်း ရေကြီးခဲ့တဲ့ အတွက် စာသင်ကျောင်း ပိတ်ထားခဲ့ရတယ် လို့ ဒေသခံတွေက ပြောကြပါတယ်။