ထိုင်း နဲ့ မြန်မာ ရဲ့ ရွေးကောက်ပွဲ နဲ့ စီးပွားရေး ကိစ္စ

  • 12 အောက်တိုဘာ 2010
abhisit
Image caption မြန်မာပြည် သွား ခဲ့တဲ့ ထိုင်း ဝန်ကြီးချုပ်

ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိဆစ် ဝိချာချီဝ ဟာ မြန်မာနိုင်ငံကို မနေ့ က သွားရောက် ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွေွှ ၊ ဝန်ကြီးချုပ် ဦးသိန်းစိန် တို့နဲ့ သီးသန့် စီ တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံ ရွေးကောက်ပွဲ နဲ့ စီးပွါးရေး ကိစ္စ တွေကို ဆွေးနွေးခဲ့ ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ လိုက်ပါ သွားတဲ့ ထိုင်းအစိုးရ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မာရွတ် မတ်စရဝမ်နစ် က မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် စိုးရိမ် ပူပန်မှု တွေ ရှိတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း နဲ့ ဥရောပ ကော်မရှင် တို့ရဲ့ ပါးလိုက်တဲ့ စကား ကို ထိုင်းဝန်ကြီးချုပ် က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ဦးသိန်းစိန် တို့ကို ပြောခဲ့တယ်လို့ ဆို ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဟာ ရွေးကောက်ပွဲ အတွေ့အကြုံရှိပြီး ဖြစ်တဲ့ နိုင်ငံ ဖြစ်လို့ အခု ရွေးကောက်ပွဲ ကို အောင်မြင်အောင် လုပ်ဆောင် နိုင်မှာ ဖြစ်တယ်၊ ဒီ အပေါ်မှာ ထိုင်း နိုင်ငံ က နားလည် ပေးဖို့ လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ပြန်လည် ပြောဆို လိုက်တဲ့ အကြောင်း ကိုလည်း ဒေါက်တာ မာရွတ် မတ်စရဝမ်နစ် က ပြောပါတယ်။

ဒီမိုကရေစီ စံနစ်ကို ခြေလှမ်း စတင် လှမ်းတဲ့ နေရာမှာ အခက်အခဲ တွေ ရှိနိုင်မယ် ဆိုတာ နားလည်တယ် လိုအပ်ရင် ထိုင်း နိုင်ငံ က အကူအညီ ပေးဖို့ အဆင်သင့် ရှိတယ် ဆိုတဲ့ အကြောင်း ထိုင်း ဝန်ကြီးချုပ် က ပြန်လည် ပြောဆို ခဲ့တယ် လို့ လည်း ဘီဘီစီကို သူ က ရှင်းပြ ပါတယ်။

နှစ်နိုင်ငံ အကျိုးတူ စီးပွားရေး ကိစ္စ ကိုတော့ ထိုင်း နိုင်ငံ ရနောင်းမြို့ မှာ မြန်မာ အလုပ်သမား တွေ ကို ဒီဇင်ဘာလ အထိ နိုင်ငံသား စီစစ်ပြီး နိုင်ငံကူး လက်မှတ် ထုတ်ပေး ဖို့ သဘောတူခဲ့ သလို ပဲ မဲဆောက် နဲ့ ချင်းရိုင် ခရိုင်မှာလည်း အလားတူ လုပ်ပေးဖို့ ကိစ္စ ထိုင်းရဲ့ တိုက်တွန်းချက် ကို မြန်မာ နိုင်ငံ ဘက်က စဉ်းစား ပေးမယ် လို့ ပြောဆို ခဲ့တယ် လို့ သိရ ပါတယ်။

မဲဆောက် မြဝတီ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ကိစ္စ အတွက် ကျတော့ မြန်မာ ဘက်ခြမ်း မှာ လူမျိုးစု ပြဿနာ ကိစ္စ နဲ့ ကုန်သွယ်ရေး စည်းကမ်း တကျ ဖြစ်အောင် ဆောင်ရွက် ပြီးတဲ့ အခါ အမြန်ဆုံး ပြန်ဖွင့် ပေးမှာ ဖြစ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ကိုလည်း ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ ထိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောဆို သွား ပါတယ်။