ဒေါ်စု မဲပေးမှာ မဟုတ်

  • 12 အောက်တိုဘာ 2010

နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်က လာမယ့် ရွေးကောက်ပွဲမှာ သူ့အနေနဲ့ မဲပေးမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

Image caption သူ့မှာ မဲပေးခွင့် မရှိဘူးလို့ ဒေါ်အောင်ဆန်း စုကြည် ပြော

ဒေါ်အောင်ဆန်း စုကြည်က သူဟာ ပြစ်ဒဏ် ကျခံနေရတာ ဖြစ်ပြီး ဥပဒေ အရ မဲပေးပိုင်ခွင့် မရှိတဲ့ အတွက် သူမဲပေးမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့က တွေ့ဆုံခွင့် ရခဲ့တဲ့ ရှေ့နေ ဦးကြည်ဝင်း က ဘီဘီစီကို ပြောပါတယ်။

သူဟာ ရွေးကောက်ပွဲ မဲပေးခွင့် ရှိသူ စာရင်း ထဲမှာ ပါတယ်လို့ အာဏာ ပိုင်တွေ ဘက်က လာရောက် အကြောင်းကြားခဲ့ တဲ့ အကြောင်း လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောတယ်လို့ ဦးကြည်ဝင်းက ဆိုပါတယ်။

ထောင်ဒဏ် ကျခံနေရသူ ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ်က တရားရုံး တစ်ခုခုက ပြစ်ဒဏ် စီရင်ခံရသူကို ဆိုလိုတာ ဖြစ်တယ်၊ အဲဒီ ပြစ်ဒဏ်ကို လက်မခံနိုင်လို့ အယူခံဝင် နေသူ လည်း မဲပေးပိုင်ခွင့် ဥပဒေ ပြဌာန်းထား ချက်အရ ဒေါ်အောင်ဆန်း စုကြည်က သူဟာ မဲပေးပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

လာမယ့် အောက်တိုဘာ ၁၈ ရက်နေ့မှာ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ချခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမှု ကို လက်ခံကြားနာမှု လုပ်မလုပ် ဗဟို တရားရုံးချုပ် မှာ လျှောက်လဲကြမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရှေ့နေတွေ သွားရောက်တွေခဲ့ကြ စဉ် သူက အခုလို ပြောလိုက်တာပါ။

နိုဝင်ဘာလမှာ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ ဟာ တရားမျှတမှာ မဟုတ်ဘူးလို့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ပြောဆိုနေကြတဲ့ အချိန်မှာ အန်အယ်ဒီ လည်း ရွေးကောက်ပွဲမှာ မပါဝင်တဲ့ အတွက် ဘယ်သူ့ကို မဲပေးရမှန်မသိ ဖြစ်နေကြသူ လူထုကို ဒေါ်အောင်ဆန်း စုကြည်က ပြည်သူတွေရဲ့ အခွင့် အရေး တစ်ရပ် အနေနဲ့ မဲပေးလိုတဲ့ ပါတီကို မဲပေးပိုင်ခွင့် ရှိသလို မပေးဘဲလည်း နေနိုင်ခွင့် ရှိတယ်လို့ ပြောခဲ့ပါတယ်။