ရွေးကောက်ပွဲစည်းရုံးမှု တစ်အိမ်တက်ဆင်းလုပ်

  • 12 အောက်တိုဘာ 2010
Elections Journals
Image caption ဆင်ခြေဖုံးက လူတွေကတော့ ဂျာနယ်လည်း မဖတ်နိုင်သလို ရွေးကောက်ပွဲအကြောင်းလည်း မသိ

ရွေးကောက်ပွဲ သုံးပတ်ကျော်ကျော်ပဲ လိုတော့တဲ့အချိန်မှာ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေလည်း စည်းရုံးရေး လုပ်ငန်းတွေ အရှိန်မြှင့်နေကြပါတယ်။

ဒါပေမယ့် မြန်မာပြည်က စည်းရုံးရေး လုပ်ငန်းက လူထုကို လူစုလူဝေးနဲ့ ဟောပြောတာထက် တစ်အိမ်တက်ဆင်း မဲဆွယ်မှုတွေ လုပ်နေကြတာ တွေ့ရပါတယ်။

လူစုလူဝေးနဲ့ ပြောမယ်ဆိုရင် နေရာလိုမယ်၊ အဲဒီနေရာအတွက် နေရာ ငှားခပေးရမယ်၊ အဲဒီလို ကုန်ကျစရိတ်တွေ ရှိတာကြောင့် တစ်အိမ်တက်ဆင်း မဲဆွယ်တာတွေ လုပ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ဒဂုံ မြောက်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဇော်အောင်က ပြောပါတယ်။

ဦးသန်းဇော်အောင်ဟာ အသက် ၃၁ ပဲ ရှိသေးပြီး ဒီမိုကရက်တစ်ပါတီမှာ အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမှာမို့ အခုဆို ရင် ၂၆ ရက်ပဲ လိုတော့တဲ့အချိန်လည်း ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးအသင်းဘက်ကတော့ လမ်းခင်းပေးပြီး လမ်းဖွင့်ပွဲလိုမျိုး အခမ်းအနားတွေမှာ လူစုလူဝေးကို တဆက်တည်း ဟောပြောစည်းရုံးတာတွေ လုပ်တာတွေ့ရတယ်၊ ဒါပေမယ့် လူထုကတော့ ကြံ့ခိုင်ရေးအသင်းကို စိတ်ဝင်စားမှုနည်းတယ်လို့ ဦးသန်းဇော်အောင်က ပြောပါတယ်။

နောက်ပြီး လူအများစုဟာ ရွေးကောက်ပွဲအကြောင်း သိပ်မသိကြသလို၊ မဲဘယ်လို ပေးရမယ်၊ မဲပုံးဘယ်နှစ်ခု ရှိတယ်ဆိုတာတောင် မသိကြဘူးလို့ သူက ပြောပါတယ်။

ရန်ကုန်မြို့တွင်းမှာတော့ ငွေကြေးဆိုတဲ့အကြောင်းရင်းထက် လူစုဝေးဖို့ နေရာအခက်အခဲကြောင့် တစ်အိမ်တက်ဆင်း မဲဆွယ်လက်ကမ်းစာစောင်တွေ ဝေတယ်လို့ ဝံသာနု NLD က ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းရွှေက ပြောပါတယ်။

လူတွေက လူစုလူဝေးဆီကို လာနားထောင်ဖို့ စိတ်ဝင်စားချင်မှ စိတ်ဝင်စားမယ်၊ ဒါကြောင့် လမ်းတွေထဲမှာ အသံချဲ့စက်နဲ့ သီချင်းဖွင့်ပြီး ပါတီအလံထောင်ကာ လက်ကမ်းစာစောင်တွေ ဝေတယ်လို့ သူ က ပြောပါတယ်။