မြန်မာနိုင်ငံ အနှံ့ ရေကြီးနေမှု အခြေ အနေ

  • 12 အောက်တိုဘာ 2010
mandalay_flood
Image caption မန္တလေး က လမ်း တွေ ရေမြုတ် နေဆဲ

မကြာမီက ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ပင်လယ်ကမ်းနားတလျှောက် ဒီရေတွေ တက်နေလို့ မြို့နယ်တချို့မှာ တာတမံတွေနဲ့ တာရိုးတွေကျိုးကာ လယ်မြေတွေ ပျက်စီးနေတယ်လို့ သိရ ပါတယ်။

တောင်ကုတ်မြို့နယ် တောင်ပိုင်းမှာ မိုးရေ ကြောင့် ထက်စာရင် ပင်လယ် ဒီရေတက်လို့ ဆားငန်ရေ ဝင်ပြီး လယ်တွေ ပျက်စီး ရတာ ဖြစ်တယ်၊ တာရိုးပေါင်း ၂၀ ကျိုးပြီး စုစုပေါင်း လယ်ဧက တစ်သောင်း လောက် ပျက်စီးမယ် လို့ ခန့်မှန်းတဲ့ အကြောင်း ဒေသခံ လယ်သမား တစ်ဦး က ပြောပါတယ်။

ဘူးရွှေမော်၊ကျို့ကိုင်း၊ အတာ၊ ငရုပ်တောင်၊ ခြောက်အင်း၊ ကျောက်ဝေ၊ သီချောင်းပြင်နဲ့ ငှက်ပျောတော စတဲ့ ကျေးရွာတွေက လယ်ယာတွေ ပျက်စီး ကုန်တယ် လို့ သိရ ပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ် မှာလည်း ဆည်တော်ကြီးဆည် ရေဖေါက်ချ လိုက်လို့ အောက်ဘက် က ကျေးရွာ ၄၀ လောက် ရေကြီးနေပါတယ်။

ရေလွှမ်းခံရတဲ့ တောင်တံငါရွာ ရွာသားတစ်ဦးက သူတို့ရွာမှာ ဆိုရင် ရေက ဝါးတရိုက်လောက် အမြင့်အထိ ရေကြီး နေတယ်လို့ ပြောပါတယ်။

ရေတက် နေတဲ့ ရေပြင် ရဲ့အလျား က ဆည် ကနေ ဧရာဝတီမြစ် အထိ မိုင် ၂၀ ကျော် နဲ့ အကျယ် ၁၀ မိုင် ပတ်လည်လောက် ရှိမယ် လို့ ခန့်မှန်း ကြပါတယ်။

ဆည်တော်ကြီး ဆည် ဖေါက်ချ ရတာဟာ ဆည်က ရေကို မနိုင်လို့ သတ်မှတ်ချက်နဲ့ အညီ လုပ်ထုံး လုပ်နည်းအရ လုပ်ရတာ ဖြစ်တယ်၊ တကယ်လို့ အခုလို ရေဖေါက်မချဘူး ဆိုရင် နွေစပါး မိုးစပါးနဲ့ ဆောင်းသီးနှံ ဧက ၁ သိန်းကျော် ပျက်စီးသွားနိုင်တယ် လို့ ဆည်တော်ကြီးဆည် ရဲ့ ဦးစီးအရာရှိ တဦးက ပြောပါတယ်။

မတ္တရာမြို့ ထဲ ရေမဝင် ရအောင် ကန်ဘောင်ကို သဲအိတ်ဖို့ပြီး စေါင့်ကြည့်တဲ့အလုပ်တွေ လည်း ကို လုပ်နေကြ ရ ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကတည်း က ရေကြီး နေ ခဲ့တဲ့ မန္တလေး မြို့သစ် ရပ်ကွက် တွေမှာလည်း ရေက လမ်းမတွေပေါ်မှာ ၄ ပေခွဲလောက် အထိ ရှိနေသေးတဲ့ အကြောင်း လူတွေက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရွှေ့နေကြရတဲ့ အကြောင်း အာဏာပိုင်တွေ ဘက်က ကယ်ဆယ်ရေးလုပ်ငန်း ထိထိ ရောက်ရောက် လုပ်ကိုင် ပေးနေတာ မတွေ့ရသေးတဲ့ အကြောင်း ဘီဘီစီကို ပြောပြ သွားပါတယ်။

မန္တလေး မှာ ရေဘေး ဒဏ်ခံရတဲ့ အိမ်ခြေ စုစုပေါင်း ၃၀၀၀ လောက်ရှိပြီး လူဦးရေ ၅၀၀၀၀ ဝန်းကျင် ထိခိုက်ခံရမယ် လို့ ခန့်မှန်း နေကြ ပါတယ်။