ကြံ့ခိုင်ရေးပါတီ မဲရဖို့ နည်းစုံသုံး

  • 13 အောက်တိုဘာ 2010
usdp_campaign
Image caption USDP ပါတီကိုယ်စားလှယ်တွေ တက်တက်ကြွကြွ မဲဆွယ်

ရန်ကုန်တိုင်း ဒဂုံမြို့သစ် လေးမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ စည်းရုံးရေးမှုး တွေက ရပ်ကွက် ကော်မရှင် အဖွဲ့ဝင်တွေ၊ ရပ်ကွက် အေးချမ်း သာယာရေး ကောင်စီ အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်ရုံးတွေမှာ ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အခုရက်ပိုင်းမှာပဲ စည်းဝေးပြီး အစီအစဉ်တွေ ချခဲ့ကြတယ်လို့သိရပါတယ်။

ဒီအစည်းအဝေးတွေမှာ အထက်က ညွှန်ကြားချက် ၅ ချက်ဆိုတာကို အကောင်အထည်ဖော်ဖို့ ညှိနှိုင်းခဲ့ကြပါတယ်။

အဲဒီ ညွှန်ကြားချက်တွေရဲ့ အဓိက အချက်ကတော့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ ကြိုတင်မဲတွေကို ရနိုင်သမျှ ယူထားဖို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဒီလို ကြိုတင်မဲ ယူထားမယ့် လူတွေထဲမှာ ရပ်ကွက်အတွင်းက အသက် ၅၀ ကျော်တွေကို ကော်မရှင် ဥပဒေအရ သက်ကြီးရွယ်အို မဲ အဖြစ် သတ်မှတ်ပြီး ကြိုတင်မဲယူဖို့၊ နောက်ပြီး ကြံ့ခိုင်ရေးအသင်း လက်ထက်ကတည်းက လမ်းခင်းပေးထားတဲ့ ရပ်ကွက်တွေမှာ လမ်းကော်မီတီတွေနဲ့ သူတို့ရဲ့ မိသားစုတွေဆီက ထောက်ခံမဲတွေ ကြိုယူထားဖို့တို့ ပါဝင်ပါတယ်။

နောက်တခါ အစိုးရက ဦးစီးဖွဲ့စည်းပေးထားတဲ့ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နဲ့ကလေး၊ အမျိုးသမီးရေးရာလို အဖွဲ့တွေက အဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ မဲတွေ ကြိုယူထားဖို့လည်း စီစဉ်နေပါတယ်။

ဒိလို လုပ်တဲ့ နေရာမှာ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ရပ်ကွက် အာဏာပိုင်တွေကပါ လူထုကြားထဲ စိမ့်ဝင်ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေအတွက် အောင်နိုင်မဲ ရယူထားဖို့ ညွှန်ကြားချက်ထဲမှာ ပါတယ်လို့ ဒဂုံက ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

အခုလို ကော်မရှင် အဖွဲ့ဝင်တွေကပါ ကြံ့ခိုင်ရေးပါတီ အနိုင်ရရေးအတွက် လုပ်ပေးနေတဲ့ အတွက် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုတာ ပိုပြီး ပေါ်လွင်နေတယ်လို့လဲ ဒဂုံဒေသခံတွေက ဆိုပါတယ်။