ရွေးကောက်ပွဲ သတင်းအချက်အလက် ပြည်သူတွေ ဘာမှမသိသေး

  • 13 အောက်တိုဘာ 2010
Image caption ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ

ရွေးကောက်ပွဲကျင်းပဖို့ ၃ ပတ်ကျော်ပဲ လိုတော့တယ်ဆိုပေမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မဲရုံအရေအတွက် မဲဆန္ဒရှင်စာရင်း ၊ ကြိုတင်မဲ ကိစ္စ အစရှိတဲ့ မဖြစ်မနေ သိကြရမယ့် အခြေခံ သတင်း အချက်အလက်တွေကို ပြည်သူတွေ မသိကြရသေးတဲ့အပြင် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီများသည်ပင်လျင် ရှင်းရှင်း လင်းလင်း မသိကြရသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲကို အသေအချာစေါင့်ကြည့်ဖို့ရာ အင်အားမရှိသလို ဖြစ်နေကြတာကိုလည်း တွေ့မြင်နေကြရပါတယ်။

ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက သူတို့ပါတီအနေနဲ့ကတော့ လောလောဆယ်မှာ ကိုယ်ပါဝင်ယှဉ်ပြိုင်မယ့် နယ်အတွက် မဲရုံမှူး ခန့်ဖို့ကိုပဲ ဦးစားပေးလုပ်နေရပြီး ကိုယ် ဝင်မပြိုင်နိုင်တဲ့နေရာက မဲရုံတွေမှာတော့ တရားမျှတမှု ရှိ မရှိဆိုတာကို စေါင့်ကြည့်ဖို့ ကိုယ်စားလှယ်တွေ မထားနိုင်တဲ့အကြောင်း ဝန်ခံပြောဆိုပါတယ်။

မဲပေးဖို့အတွက် မဲပြား နဲ့ မဲရုံတွေဆိုတာလည်း အခုထက်ထိ အဆင့်သင့်မဖြစ်သေးဘူးလို့သိရပါတယ်။

တနိုင်ငံလုံးမှာ မဲရုံ တစ်သောင်းကျော်ရှိမယ်လို့ ကြေညာထားပေမယ့် တိုးတာ လျှော့တာတွေ လုပ်နေတုန်းဖြစ်တာမို့ မဲရုံအရေအတွက် အတိအကျကို မသိနိုင်သေးတဲ့အပြင် မဲစာရင်းတွေကိုလည်း သွားတောင်းနေရဆဲဖြစ်လို့ အတိအကျ မသိနိုင်သေးပါဘူးလို့ ဦးသုဝေက ပြောသွားပါတယ်။

ကြိုတင်မဲပေးဖို့ ကိစ္စမှာလည်း ရွေးကောက်ပွဲမကျင်းပမီ တပါတ်အလိုကျမှ မဲရုံကို ကိုယ်တိုင်လာပြီး မဲမပေးနိုင်တဲ့သူတွေကို ကြိုတင်မဲ ကောက်ယူမှာဖြစ်တယ်ဆိုတာကိုပဲ သက်ဆိုင်ရာက ကြေညာထားလို့ သိရတယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင် ပြည်သူတွေမဆိုထားနဲ့ ကော်မရှင်နဲ့ တိုက်ရိုက်ဆက်ဆံနေကြရတဲ့ နိုင်ငံရေးပါတီများသည်ပင်လျင် သတင်းအချက်အလက်များ သိဖို့အတွက် အကန့်အသတ်တွေ ရှိနေတယ်လို့ ဦးသုဝေက ဘီဘီစီကို ပြောသွားပါတယ်။