ဒီငြိမ်းပါတီ နှုတ်ထွက်လို့ မိတ်ဆွေအဖွဲ့ အားနည်းမသွားလို့ SNDP ပြော

  • 13 အောက်တိုဘာ 2010
Image caption ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီဟာ ဒီမိုကရေစီမိတ်ဆွေ ၆ ပါတီအဖွဲ့ကနေ နှုတ်ထွက်တဲ့အကြောင်း ဒီကနေ့ပဲ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အခုလို ဒီငြိမ်းပါတီက မိတ်ဆွေပါတီများအဖွဲ့က နှုတ်ထွက်သွားလို့ မိတ်ဆွေပါတီများအဖွဲ့အဖို့ အင်အားချိနဲ့သွားစရာ မရှိပါဘူးလို့ မြင်တဲ့ကြောင်း ဒီမိုကရေစီ မိတ်ဆွေ ပါတီများအဖွဲ့မှာ ပါဝင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

တကယ်တော့ ဒီငြိမ်းပါတီက ရွေးကောက်ပွဲဝင်တာကလည်း ၉ ဦးသာဖြစ်ပြီး အခုဆိုရင် တိုင်းရင်းသားပါတီတွေ ဒီမိုကရေစီ အင်အားစုတွေလည်း မိတ်ဆွေပါတီထဲ ထပ်ပါဝင်မယ်လို့ ကြားရတဲ့အတွက် အင်အားပိုပြီး ကောင်းလာတယ်လို့တောင် ပြောနိုင်တဲ့အနေအထားရှိတယ်လို့ ဆိုပါတယ်။

ဒီငြိမ်းပါတီ နှုတ်ထွက်တာနဲ့ ပတ်သက်ပြီး ကျန်တဲ့မိတ်ဆွေပါတီများကလည်း ဦးစိုင်းအိုက်ပေါင်းပြောတဲ့သဘောထားအတိုင်း ရှိကြပြီး အခုလို ရှင်းရှင်းလင်းလင်း သိရတဲ့အပေါ်မှာ အနာဂတ်အတွက် လုပ်ရကိုင်ရတာတွေ ပိုပြီး လွယ်မှာဖြစ်တယ်လို့ ပြောကြတဲ့ကြောင်း သိရပါတယ်။