ဒီမိုကရက်တစ်နာမည်တံဆိပ် ခွင့်ပြုချက်မရှိဘဲ ပြည်ခိုင်ဖြိုးသုံး

  • 14 အောက်တိုဘာ 2010
Image caption ပြည်ခိုင်ဖြိုး မဲဆွယ်တာ ဥပဒေနဲ့မညီလို့ဆို

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဝင်ကြမဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးနေကြတဲ့အချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကြိုက်သလို မဲဆွယ်စည်ရုံးခွင့်ရနေပေမယ့် တခြားပါတီတွေအနေနဲ့ သူတို့လို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရတဲ့ သတင်းတွေ ကြားနေရပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေရဲ့ တိုင်ကြားချက် မေးမြန်းချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်တွေ အနေနဲ့ တိတိပပ မဖြေကြား မရှင်းလင်းပေးနိုင်တဲ့ အနေအထားတွေကို မြင်နေရပါတယ်။

အခုလည်း သံလျင်မြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲဆွယ်ရာမှာ ဒီမိုကရက်တစ်ပါတီ မြန်မာနိုင်ငံရဲ့ နာမည်အမှတ်တံဆိပ်တို့ကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲထားတဲ့ မဲကဒ်ပြား ပုံစံတူတွေနဲ့ မဲဆွယ်နေလို့ ခရိုင်ကော်မရှင်နဲ့ ရဲကို တိုင်ကြားထားပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်က တိတိကျကျ အဖြေမပေးနိုင်သေးဘူးလို့ ဒီမိုကရက်တစ်ပါတီ( မြန်မာ) ရဲ့သံလျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးကြည်က ပြောပါတယ်။

ဒီလိုမဲကဒ်ပြားပုံစံတူလုပ်တာကြောင့်လဲ မဲပေးချိန်မှာ မသမာမှုတွေ ဖြစ်လာ်နိုင်တဲ့အပေါ်စိုးရိမ်တယ်လို့ ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။