ပါတီတွေ စည်းရုံးရေးဆင်း

  • 14 အောက်တိုဘာ 2010
ကျားဖြူပါတီတံဆိပ်
Image caption ကျားဖြူပါတီတံဆိပ်

ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ပတ်ကျော်ပဲ လိုတော့တဲ့အချိန်မှာ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ကျားဖြူပါတီဟာ အင်တိုက်အားတိုက် မဲဆွယ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်ထဲမှာက တိုင်းရင်းသားပါတီတွေဖြစ်ကြတဲ့ ပအို့၊ ပလောင်၊ လားဟူ၊ ကိုးကန့်၊ ဝ၊ ကယား အစရှိတဲ့ လူမျိုးစု တိုင်းရင်းသား ပါတီငယ်တွေလည်း ရွေးကောက်ပွဲဝင်ကြမှာဖြစ်ပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အင်နဲ့အားနဲ့ယှဉ်ပြိုင်နိုင်တဲ့ပါတီဆိုလို့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP တစ်ခုပဲ ရှိပါတယ်။

SNDP ပါတီရဲ့ ဒုတိယဥက္ကဌ ဦးစိုင်းဆောင်က သူတို ့အနေနဲ ့နောက်ဆုံး သွားဖို့ရှိတာက မိုင်းလုံ မိုးမိတ်ဘက်မှာ လူထု စည်းဝေးပွဲ သွားလုပ်မှာဖြစ်ပြီး ၃၁ ရက်နေ့မှာတော့ ကျောက်မဲမြို့ကြီးထဲမှာ လူထုဟောပြောစည်းရုံးပွဲလုပ်ဖို့ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။ စည်းရုံးရေးအတွေ့အကြုံအရ လူတွေက စိတ်ဝင်စားမှု ရှိကြတဲ့အကြောင်းနဲ့ လူထု စည်းရုံးဟောပြောပွဲတွေ လုပ်တဲ့အခါမှာ အခက်အခဲတွေ မရှိတဲ့အကြောင်းကိုလည်း ပြောပါတယ်။

ကျားဖြူပါတီနဲ့အဓိက ယှဉ်ပြိုင်ဖို့ရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ကတော့ လူထုကို စုပြီး ဟောပြောစည်းရုံးတာမျိုး မတွေ့ရပဲ တအိမ်တက်ဆင်း လိုက်လံစည်းရုံးနေတာကိုပဲ တွေ ့ရသေးတဲ့အကြောင်း ဦးစိုင်းဆောင်က ပြောပါတယ်။

ရှမ်းပြည်နယ်ထဲ ခရီးသွားလာများသူ နမ်းခမ်းမြို့သား စိုင်းစံဝင်းကတော့ နိုင်ငံရေးပါတီတွေက မဲဆွယ်နေကြပေမယ့်လည်း နိုင်ငံရေးကို စိတ်ဝင်စားသူက နည်းနည်းပဲ ရှိပါတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တကယ်မဲထည့်တဲ့အခါ ကျားဖြူပါတီကိုပဲ မဲထည့်ကြလိမ့်မယ်လို့သူထင်တဲ့အကြောင်းကိုလည်း စိုင်းစံဝင်းက ပြောပါတယ်။ ကျားဖြူပါတီရဲ့အဓိကယှဉ်ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတွေဟာလည်း ရှမ်းလူမျိုးတွေ ဖြစ်ကြပေမယ့် ဒီလူတွေက အစိုးရနဲ့ပဏာသင့်တဲ့ အရင် ကြံ့ခိုင်ရေးဥက္ကဌတို့ ပြည်သူ့စစ်ခေါင်းဆောင်တွေ ဖြစ်တာမို့ အဲဒီလူတွေကိုတော့ မဲထည့်ကြလိမ့်မယ်လို့ သူမထင်တဲ့အကြောင်း စိုင်းစံဝင်းက ဘီဘီစီကို ပြောသွားပါတယ်။