တပ်ရင်းမှူးက တပ်သားကို ပစ်သတ်

  • 14 အောက်တိုဘာ 2010
မြန်မာစစ်သား
Image caption မြန်မာစစ်သား

ရခိုင်ပြည်နယ် ပုဏ္ဏား ကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းက တပ်ရင်းမှူးနဲ့အဖွဲ့ဟာ အိန္ဒိယနယ်စပ် ရှေ့တန်းကိုအသွား တပ်သားတစ်ဦးကို အသေပစ်သတ်ခဲ့ပြီး ဇနီးဖြစ်သူ ကိုလည်း တပ်ရင်းကနေ နှင်ထုတ်လိုက်တယ်လို့ ဒေသခံတွေထံ မှသိရပါတယ်။

ဒီအဖြစ်အပျက်ဟာ သြဂုတ်လ ပထမအပတ်ထဲမှာ ဖြစ်ပွါးခဲ့တာပါ။တပ်ရင်းမှူးက လမ်းခရီးမှာ ပေါ်တာဆွဲ၊ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် စေါ်ကားတာတွေ ရှိလို့ တပ်သား ဦးရွှေသိန်းက ဝေဖန်ပြောဆိုတဲ့အပေါ် မကျေမနပ်ဖြစ်ရာကနေ အခုလို သတ်ပစ်လိုက်တာဖြစ်တယ်လို့သူ ရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တပ်ရင်းမှူးက ပထမ တပ်သားဦးရွှေသိန်းကို အသေရိုက်သတ်ဖို့တပ်သားဆယ်ဦးကို ခိုင်းခဲ့တဲ့အကြောင်း ဝိုင်းရိုက်လို့ မေ့မျောနေတဲ့အခါ တပ်ရင်းမှူးကိုယ်တိုင် အသေပစ်သတ်လိုက်တာဖြစ်ပြီး အလောင်းကို ဖျောက်ဖျက်လိုက်တယ်လို့ အဲဒီ ဆွေမျိုးတော်စပ်သူကပဲ ပြောပြပါတယ်။

ဦးရွှေသိန်းဟာ ပုဏ္ဏားကျွန်းမြို့နယ် ရိုးတရုတ် ဇာတိဖြစ်ပါတယ်။ ကိုယ်ဝန်ရှိဇနီးနဲ ၂ နှစ်အရွယ် သမီးတစ်ဦး ကျန်ရှိခဲ့ပါတယ်။

တပ်ရင်းကို ပြန်ရောက်လာတဲ့ တပ်ရင်းမှူးက ကျန်ရစ်သူ ဦးရွှေသိန်းရဲ့ ဇနီး မထက်ထက်ဝင်းကို နင့်ယောင်္ကျား လက်နက်ယူပြီး ထွက်ပြေးသွားပြီ နင်လည်း တပ်ရင်းထဲမှာ နေလို့မရတော့ဘူးဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နှင်ထုတ်လိုက်တယ်လို့သိရပါတယ်။

ဒီကိစ္စကို မကျေနပ်ကြတဲ့ တပ်သားတွေက ထုတ်ဖေါ်ပြောဆိုလို့ အပြင်ကို ဒီသတင်း ပေါက်ကြားလာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။