KIO ကို သောင်းကျန်းသူလို့ ပြန်ခေါ်

  • 15 အောက်တိုဘာ 2010

၁၉၉၄ ခုနှစ်ကစပြီး အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း KIO ကချင်အဖွဲ့ကို မြန်မာအစိုးရ သတင်းစာထဲမှာ သောင်းကျန်းသူဆိုပြီး ပထမဆုံးအကြိမ် ဒီကနေ့ ဖေါ်ပြသုံးစွဲ လိုက်ပါတယ်။

Image caption တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်ထားတဲ့ စစ်တပ်ရဲ့သဘာထား ပြန်တင်းမာလာသလား

အပစ်အခတ် ရပ်စဲထားစဉ်အတွင်း အရင်တုန်းကတော့ အထူးဒေသတွေ အဖြစ် ဖေါ်ပြထားပြီး အခုကျတော့ သောင်းကျန်းသူ ဆိုပြီး သုံးနှုန်းလာတာဟာ အပစ်အခတ် သဘောတူညီချက် ပျက်ပြယ်ပြီလို့ မပြောနိုင်သေးတဲ့ တိုင်အောင် နှစ်ဖက်ဆက်ဆံရေး ပိုဆိုး လာနေတယ်လို့ ယူဆကြပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်လောက်က မြစ်ကြီးနားမှာရှိတဲ့ KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ် အင်ဗန်လ ရဲ့အိမ်ကို ဧည့်စာရင်း ဝင်စစ်သွားတာမျိုးနဲ့ တနိုင်းမှာရှိတဲ့ KIO ဆက်ဆံရေးရုံးကို အစိုးရပိုင်မြေ ဖြစ်တယ်ဆိုပြီး ဖယ်ခိုင်းတာမျိုးတွေ ရှိလာပါတယ်။

KIO ပြောခွင့်ရသူ ဦးဆင်ဝှါးက သတင်းစာမှာပါတဲ့ကိစ္စ လတ်တလော မတုန့်ပြန် လိုပေမယ့် ဗိုလ်ချုပ် အင်ဗန်လ အိမ် ဧည့်စာရင်း ဝင်စစ်တာကတော့ တရပ်ကွက်လုံး စစ်တာမျိုး ဖြစ်တာမို့ ဒီကိစ္စအပေါ် ဘယ်လိုမှ သူ့မှာ ပြောစရာမရှိတဲ့ အကြောင်းနဲ့ ရွေးကောက်ပွဲ နီးလာလို့ လုံခြုံရေးအရ စစ်တာ ဖြစ်နိုင်တယ်လို့ ဦးဆင်ဝှါးက သူ့အမြင်ကို ပြောပါတယ်။

KIO ဘက်ကလည်း ဒီလိုဖြစ်လာတာတွေအပေါ် သတိနဲ့ တုန့်ပြန်နေတဲ့ သဘော ရှိတယ်လို့ ယူဆနိုင်ပါတယ်။

KIO ဆက်ဆံရေးရုံး ဖယ်ခိုင်းခံရတဲ့ကိစ္စမှာလည်း ပုံမှန်သဘောပြောလို့ ရတာတွေလည်း ရှိပြီး တခြား နောက်ကွယ်က ဘယ်လို သဘောထားတွေ ရှိတယ်ဆိုတာ ကိုတော့ အစိုးရကိုယ်တိုင်ပဲ သိမှာ ဖြစ်တယ်လို့ ဦးဆင်ဝှါးက ပြောပါတယ်။

အခုလို ဆက်ဆံရေးတင်းမာနေတဲ့အချိန်မှာ ရွေးကောက်ပွဲအကြောင်းပြပြီး အစိုးရစစ်တပ်တွေ ဝင်လာမှာကိုတော့ KIO ဘက်က စိုးရိမ်နေရိမ်နေပုံ ရတယ်လို့ အများက ယူဆနေကြပါတယ်။