ကြံ့ခိုင်ရေးကို မဲပေး ဖို့ ညွှန်ကြားချက် ရဲတွေလက်မခံ

  • 15 အောက်တိုဘာ 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို မဲပေးရမယ်လို့ အထက်က ညွှန်ကြားချက်ကို ပဲခူးတိုင်း ပြည်ခရိုင်မှာ ရှိတဲ့ အမှတ် (၁၀) ရဲတပ်ရင်းမှာ ကန့်ကွက် စာ ပြန်လည် တင်ပြနေတယ်လို့ ရဲ တပ်သား တွေက ပြောနေကြပါတယ်။

Image caption ရဲ တပ်ရင်းမှူးက ဖြေရှင်းမပေးရင် ရဲချုပ်ဆီကို တိုင်တန်းဖို့ တပ်သားတွေ ပြင်နေ

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို မဲပေးရမယ့် အပြင် မဲဆွယ် စည်းရုံးရေး ကို ပါ လုပ်ဆောင်ရမယ်လို့ အထက်က ညွှန်ကြားခဲ့တာကို အမှတ် (၁၀) ရဲ တပ်ရင်း လက်အောက် က မြို့နယ် ရဲစခန်း ခြောက်ခုက ပါ မကျေနပ်လို့ အမှတ် (၁၀) ရဲ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စိုးလွင် ကနေ တဆင့် ရဲချုပ်ဆီကို ပြန်လည် စာတင် ခဲ့ကြတာလို့ အဲဒီ တပ်ရင်းက ရဲ တပ်သား တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အမှတ် (၁၀) ရဲ တပ်ရင်း လက်အောက်မှာ ရှိတဲ့ ပေါက်ခေါင်း၊ ပေါင်းတည်၊ ကျီးသဲ နဲ့ အင်းမ စတဲ့ ရဲ တပ်ရင်း ခြောက်ခု ကလည်း အလားတူ မကျေနပ်မှုတွေ ရှိနေတာမို့ စခန်းမှူးတွေ ကိုယ်တိုင် ဒုတိယ အကြိမ် ရဲချုပ် ဆီကို စာထပ် တင်မယ်လို့ အဲဒီ ရဲတပ်သားက ပြောပါတယ်။ အခု သူတို့ တိုင်တန်း ထားတဲ့ ဒုတိယ ဗိုလ်မှူးကြီးက လက်မခံဘဲ နေမယ် ဆိုရင် ရဲတပ်သား တွေ ကိုယ်တိုင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ အထိ တဆင့်တိုး တိုင်တန်း သွားမယ်လို့ လည်း သူက ဆိုပါတယ်။

ရဲတပ်ရင်း တွေမှာ တပ်သားတွေ ရင်ဆိုင်နေတဲ့ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းပေးမှု မရှိတဲ့ အပြင် ကိုယ့် တာဝန်ကျချိန်မှာ ဝတ်ဆင်ရတဲ့ ယူနီဖောင်ကိုတောင် ကိုယ်တိုင် ဝယ်ဝတ် နေရတဲ့ အခြေ အနေမျိုး ရှိနေတာကို သက်ဆိုင်ရာကို တင်ပြတော့လည်း ဖြေရှင်းပေးခြင်း မရှိတာ ကြောင့် အထက်က ညွှန်ကြားချက်ကို လက်မခံနိုင် တော့တာ ဖြစ်တယ်လို့ လည်း သိရပါတယ်။