ရွေးကောက်ပွဲပေါ် စိတ်ဝင်စားမှု အားနည်း

  • 17 အောက်တိုဘာ 2010
Burma election
Image caption ရွေးကောက်ပွဲ စဖို့ ရက်ပိုင်းပဲ လိုပေမဲ့ မဲပေးပုံကို နားလည်မှု နည်းပါးနေသေးလို ပါတီတွေပြော

ရွေးကောက်ပွဲပေါ် လူထု စိတ်ဝင်စားမှု အားနည်းနေသလို ရွေးကောက်ပွဲကို နားလည်မှုလည်း အားနည်းကြတယ်လို့ မန္တလေးမှာ မဲဆွယ်စည်းရုံးနေတဲ့ ဒီမိုကရက်တစ် ပါတီက ဒေါ်သန်းသန်းနုက ပြောပါတယ်။

ခုရွေးကောက်ပွဲမှာ မဲဆန္ဒနယ် တနယ်စီမှာ လွှတ်တော်သုံးရပ် အတွက် မဲပေးရမှာကို မဲဆန္ဒရှင် အတော်များများက သိရှိပုံ မရဘူးလို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။

သူဟာ မန္တလေးတိုင်း မဟာအောင်မြေ အရပ်မှာ အမျိုးသား လွှတ်တော်နေရာ အတွက် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဒီမဲဆန္ဒနယ်မှာဘဲ သူတို့ ပါတီက နောက်ကိုယ်စားလှယ်လောင်း တယောက်က ပြည်သူ့ လွှတ်တောနေရာ အတွက်လည်း ဝင်အရွေးခံမှာ ဖြစ်ပါတယ်။

ပြည်သူလူထုက ရွေးကောက်ပွဲ၊ နိုင်ငံရေး လှုပ်ရှားမှု စတာတွေနဲ့ ကင်းကွာနေတဲ့ အပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပညာပေးမှု မရှိတဲ့အတွက် လူတွေဟာ ရွေးကောက်ပွဲ အကြောင်း သေချာ သိရှိတာမျိုး မရှိဘူးလို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။

ခုလို လစ်ဟင်းမှုတွေကြောင့် အစိုးရဟာ ရွေးကောက်ပွဲပေါ် လူစိတ်ဝင်စားတာ မဝင်စားတာကို အရေးမထားဘဲ သူတို့ လိုချင်တဲ့ အဖြေရအောင် ဇာတ်လမ်း ရေးပြီးသားဆိုတဲ့ အမြင်တွေကို ပိုအားကောင်းစေတယ်လို့ အကဲခပ်တွေက ထောက်ပြပါတယ်။

အထူးသဖြင့် ရွေးကောက်ပွဲ မစခင်ကတည်းက ကြံဖွံ့ ပါတီက မဲတချို့ကို စရံသပ်ထားတဲ့ သဘောမျိုး ဒေါ်သန်းသန်းနုက ပြောပါတယ်။

မဲဆွယ်စည်းရုံးမှု လုပ်ရာမှာ လူအများအပြားက မဲပေးပြီးပြီပဲ ပြောနေတယ်လို့ ဆိုပါတယ်။

အများပြည်သူနဲ့ ဆိုင်တဲ့ လမ်းဖောက်၊ တံတားဆောက် လုပ်ငန်းတွေ အပြီးမှာ ကြံဖွံ့ပါတီရဲ့ အမှတ်တံဆိပ် ဆိုင်းဘုတ်ထောင်ထားခဲ့ပြီး ဒီလုပ်ငန်းတွေကို ကြံဖွံ့ပါတီကပဲ လုပ်ပေးတဲ့ အမြင်မျိုးရောက်အောင် လုပ်ဆောင်နေတာတွေဟာ မျှတမှု မရှိဘူးလို့ ဒေါ်သန်းသန်းနုက ပြောပြခဲ့ပါတယ်။

ဒီအတောအတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မကျေနပ်မှုကို ထုတ်ဖော် ပြောကြဖို့ သူ့ရှေ့နေက တဆင့် တိုက်တွန်းခဲ့ပါတယ်။