ကြံ့ခိုင်ရေးက တခြား ပါတီထက် အခွင့်အရေး ပိုရနေ

  • 16 အောက်တိုဘာ 2010
NDF
Image caption ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ

သင်္ဃန်းကျွန်းမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းတွေဟာ မြို့နယ်နဲ့ ရပ်ကွက် အာဏာပိုင် အဖွဲ့အစည်း တွေကို အသုံးချပြီး သူတို့ရဲ့ မဲဆွယ် စည်းရုံးမှုတွေ မှာ လူထုကို တအိမ် တယောက် မလာမနေရ ဆင့်ခေါ်တာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီလို အာဏာပိုင် အဖွဲ့ အစည်းတွေကို သုံးပြီး အဓမ္မ ဆင့်ခေါ်တာဟာ ရွေးကောက်ပွဲ လုပ်ထုံး လုပ်နည်းနဲ့ ညိစွန်းနေတဲ့ အတွက် သင်္ဃန်းကျွန်း မြို့နယ် NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ အမတ်လောင်း ဦးသိန်းညွန့်က ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်စာပို့ တိုင်ကြားထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုလို သင်္ဃန်းကျွန်းမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အာဏာပိုင်တွေက အခွင့်အရေး တွေ ပေးနေပေမယ့် NDF ပါတီရဲ့ မဲဆွယ် စည်းရုံးမှုတွေကိုတော့ ကန့်သတ်မှုတွေ၊ စောင့်ကြည့် မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကော်မရှင်ကို အလားတူ ကန့်ကွက်စာမျိုးတွေအရင်ကလည်း ပို့ခဲ့ဖူးပေမယ့် ဘာမှ တုန့်ပြန် ဆောင်ရွက်တာမျိုးမရှိဘူးလို့ ဦးသိန်းညွန့်က ပြောပါတယ်။

ဒါပေမယ့်လည်း ဒီကန့်ကွက်ချက်တွေဟာ ရွေးကောက်ပွဲပြီးချိန်မှာ ဥပဒေအရ သူတို့ အရေးယူ ရင်ဆိုင်တဲ့အခါ သက်သေပြစရာ အထောက်အထားတွေ ဖြစ်လာမယ်လို့ ဦးသိန်းညွန့်က ဘီဘီစီကို ပြောပြပါတယ်။

တခါ အခုချိန်မှာ နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာ တွေကို အလွဲသုံးပြီး ပါတီ စည်းရုံးမဲဆွယ်မှု တွေမှာ အသုံးပြုနေသလားဆိုတာတွေကို အချက်အလက် အထောက်အထားတွေနဲ့ စုဆောင်း ထားကြောင်းနဲ့ လောလောဆယ် ကန့်ကွက်ချက်တွေကို သက်ဆိုင်ရာက အရေးယူတာ၊ မယူတာကတော့ သူတို့ အပိုင်းသာ ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။