ကချင်နဲ့နအဖတပ်တွေ အပြန်အလှန်ဝိုင်းထား

  • 18 အောက်တိုဘာ 2010

ကချင်ပြည်နယ် မိုးညှင်းနဲ့ ဟိုပင်မြို့မှာ ရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဆက်ဆံရေးရုံးတွေကို မြန်မာနအဖအစိုးရတပ်တွေက အခုညမှာပဲ ဝိုင်းထား ကြပါတယ်။

Image caption KIA တပ်သားများ ရင်ဆိုင်ကုန်း တစ်ခုပေါ်မှာ စစ်ရေးပြင် (File Photo)

ဟိုပင်မြို့ရုံးမှာ ရှိတဲ့ ဆက်ဆံရေးအရာရှိ ဗိုလ်ကြီးခေါင်လွန်းနဲ့ ရဲဘော်နှစ်ဦးကိုလည်း နအဖတပ်က ဖမ်းသွားတယ်လို့ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဂွမ်မော်က ဘီဘီစီကို အတည်ပြုပြောပါတယ်။

KIA ဘက်ကလည်း တန်ပြန်တဲ့အနေနဲ့ ညသန်းခေါင်လောက်မှာ လဂျားယံမှာရှိတဲ့ မြန်မာနအဖတပ်စခန်းစုကို ဝိုင်းထားတယ်လို့ ဒေသခံတစ်ဦး အပြောအရ သိရပါတယ်။

ဘယ်လိုပုံစံ ဝိုင်းထားသလဲဆိုတာကို ဗိုလ်မှုးချုပ် ဂွမ်မော်ကို မေးကြည့်ရာမှာတော့ သူ့တပ်တွေက အရင်ကတည်းက အဲဒီဝန်းကျင်မှာ တပ်ချထားပြီးသား လို့ပဲ ပြောပါတယ်။

လဂျားယံမှာ မြန်မာနအဖတပ်အပြင် မြန်မာအစိုးရဘက်က ရဲ၊ စသုံးလုံးနဲ့ လဝက ရုံးတွေလည်း ရှိပါတယ်။

မြန်မာနအဖတပ်က ဘာကြောင့် ဝိုင်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဗိုလ်မှုးချုပ် ဂွမ်မော်က ပြောပါတယ်။

ဒါကြောင့် လဂျားယံမှာရှိတဲ့ မြန်မာတပ်ကတဆင့် ဖြေရှင်းချက် တောင်းနေတယ်လို့လည်း သူက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီမနက် ၂ နာရီ ကျော်ကျော်လောက်မှာ မြန်မာနအဖစစ်တပ် ဘက်ကနေ တရုတ်-မြန်မာနယ်စပ်အနီးက လွယ်ဂျယ်ဘက်ဆီကို တပ်အင်အားတိုးချဲ့ဖို့ စစ်ကား ၃ စီးလည်း သွားနေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

KIO က မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ်ကိစ္စ လက်မခံတဲ့နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ KIO ကြား တင်းမာမှုတွေ ပြင်းထန်လာပြီး အခုဖြစ်ရပ်ကတော့ အရှိန်မြင့်လာတဲ့ သဘော တွေ့ရပါတယ်။

နှစ်ဘက် ပစ်ခတ်မှုတွေ ဖြစ်ပွားလာမလားဆိုတာကတော့ မြန်မာနအဖအစိုးရဘက်က ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်၊ KIA ဘက်ကတော့ စပြီး မပစ်ခတ်ဘူးလို့ ဗိုလ်မှုးချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး နောက်ဆုံး ဖြစ်ပျက်သမျှတွေကို အချိန်နဲ့အမျှ ထူးရင် ထူးသလို ဖော်ပြပေးမှာမို့ ဘီဘီစီ အင်တာနက်စာမျက်နှာမှာ လာရောက် ဖတ်ရှုနိုင်ကြပါတယ်။ အသံလွှင့် အစီအစဉ်တွေမှာလည်း စောင့်မျှော်နားစဉ်နိုင်ပါတယ်။