ကချင် ပြည်နယ်တွင်းမှာ တင်းမာ နေဆဲ

  • 19 အောက်တိုဘာ 2010

ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုနဲ့ မြန်မာ အစိုးရ စစ်တပ် တို့ ကြားမှာ တင်းမာမှုတွေ ဆက်လက် ဖြစ်ပေါ် နေပါတယ်။

Image caption ကချင်ပြည်နယ် တွင်းက ကေအိုင်အေ တပ်သားများ

ဟိုပင်မြို့ က ကေအိုင်အို ဆက်ဆံရေး ရုံးမှာ ရှိတဲ့ ဆက်ဆံရေး အရာရှိ ဗိုလ်ကြီးခေါင်လွန်းနဲ့ ရဲဘော်နှစ်ဦးကို မြန်မာ စစ်တပ်က ဖမ်းသွား ခဲ့ပြီး တဲ့ နောက် အခုလို စစ်ရေး တင်းမာမှုတွေ ဖြစ်လာ တာပါ။

အခုချိန်ထိလည်း သူတို့ကို စစ်တပ်က ဆက် လက် ဖမ်းဆီး ထားတုန်းလို့ ယူဆရပေမဲ့ သူတို့ ဘယ်မှာ ရှိတယ် ဆိုတာ ပတ်သက်လို့ အတိ အကျ မသိရသေး ပါဘူး။

တနင်္လာနေ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဂွမ်မော်က ဟိုပင်က ဆက်ဆံရေး အရာရှိနဲ့ သူ့ ရဲဘော် တွေ စစ်တပ်ရဲ့ ဖမ်းဆီး ခံခဲ့ရတယ် ဆိုတာ ဘီဘီစီကို အတည်ပြု ပြောပါတယ်။

ဒီကိစ္စ အပေါ် KIA ဘက်က ပြန်လည် တုံ့ပြန်တဲ့ အနေနဲ့ လဂျားယံ မှာရှိတဲ့ မြန်မာ စစ်တပ် စခန်းကို တနင်္လာနေ့ ညပိုင်းက ဝိုင်းထား တယ်လို့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောခဲ့ ပါတယ်။

အင်္ဂါနေ့ မှာ လဂျားယံနဲ့ မိုးမိတ် အကြား ဗန်းမော် ဘက်ပိုင်းမှာ ရှိတဲ့ ဒေါ့ဖုန်းယံ ဆိုတဲ့ နေရာမှာ မြန်မာ စစ်တပ် က တပ်ရင်း တွေ အရွှေ့ အပြောင်း ရှိတယ်လို့ သိရ ပြီး တပ်ရင်း ဘယ်လောက် ဆိုတဲ့ အတိအကျ ကိုတော့ မသိရတဲ့ အကြောင်း ကေအိုင်အို ပြောရေး ဆိုခွင့် ရှိသူ ဦးဆင်ဟွာက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ မြန်မာ အစိုးရနဲ့ ကေအိုင်အို အဖွဲ့ အကြားမှာ ဆက်သွယ် ဆက်ဆံမှု မရှိ သလောက် ဖြစ်နေတယ် လို့လည်း သူက ဆက်ပြောပါတယ်။

ကေအိုင်အိုနဲ့ မြန်မာ စစ်တပ် အကြား လက်ရှိ တင်းမာမှု တွေကြောင့် ဒေသခံ ပြည်သူတွေ ကတော့ စိုးရိမ်မှုတွေ ဖြစ်နေတယ် လို့လည်း သိရပါတယ်။