ဗြိတိန် အသုံးစရိတ် လျှော့ချရေး အစီအစဉ် ထွက်လာ

  • 20 အောက်တိုဘာ 2010

ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဂျော့ချ် အော့စ်ဘောန်း က ဒုတိယ ကမ္ဘာစစ် ကြီး ပြီးဆုံးခဲ့တဲ့ နောက်ပိုင်း အများဆုံး ဖြစ်တဲ့ ဗြိတိန် ရဲ့ နိုင်ငံတော် အသုံး စရိတ် ဖြတ်တောက်မှု အစီအစဉ် တွေကို ကြေငြာခဲ့ ပါတယ်။

Image caption နိုင်ငံခြားရေး ဌာန အသုံးစရိတ် ၁၄ ရာခိုင်နှုန်း ဖြတ် တောက်

ဗြိတိန် ညွန့်ပေါင်း အစိုးရ အနေနဲ့ လာမယ့် လေး နှစ်မှာ ဒေါ်လာ ၁၃၀ ဘီလျံ အထိ ချွေတာဖို့ အစီအစဉ် ရှိတယ် လို့လည်း မစ္စတာ အော့စ် ဘောန်း က ပြောပါတယ်။ အစိုးရ ဌာန တွေ အနေနဲ့ ဘတ်ဂျက်ငွေ လေးပုံ တစ်ပုံ လျော့သွား ကြမှာလည်း ဖြစ်ပါတယ်။

လာမယ့် လေးနှစ် အတွင်း လူထု ဝန်ဆောင်မှု ကဏ္ဍမှာ လူပေါင်း ငါးသိန်းနီးပါး အလုပ်အကိုင်တွေ ဆုံးရှုံး ကြမယ် လို့လည်း မစ္စတာ အော့စ် ဘောန်း က ပြောပါတယ်။

ဌာနတိုင်း ချွေတာကြရမယ်

ပညာရေး၊ လူမှု ဖူလုံရေး၊ သယ်ယူ ပို့ဆောင်ရေး နဲ့ ရဲ လုပ်ငန်း တို့မှာလည်း ထိခိုက်မှု ရှိမှာ ဖြစ်ပါတယ်။

အသုံးစရိတ် ပြန်လည် သုံးသပ် နေတဲ့ ကာလ အတွင်းမှာ ဗြိတိန်ရဲ့ နိုင်ငံခြားရေး ဌာန အသုံးစရိတ် အတွက် ၂၄ ရာခိုင်နှုန်း ချွေတာ ရမယ်လို့လည်း ဘဏ္ဍာရေး ဝန်ကြီးက အောက် လွှတ်တော်မှာ ပြောခဲ့ ပါတယ်။

လန်ဒန် အခြေစိုက် သံတမန် အရေ အတွက် နဲ့ သူ့ အဆို နောက်တန်းက ရုံးလုပ်ငန်း ပိုင်း ဆောင်ရွက်မှု တွေကို လျှော့ချ ခြင်း အားဖြင့် ဒီလို ချွေတာ နိုင် လိမ့်မယ်လို့ သူက ဆက်ပြော ပါတယ်။

ချိုးခြံ ချွေတာရေး အစီစဉ် ရဲ့ တစိတ် တပိုင်း အဖြစ် BBC World Service ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ် နဲ့ ဘီဘီစီ Montoring ဌာန တို့ရဲ့ အသုံး စရိတ်ကို နိုင်ငံခြားရေး ဌာနက ထောက်ပံ့ မယ့် အစား နောင်မှာ အခွန်ထမ်း ဗြိတိန် လူထု ဆီက ရတဲ့ လိုင်စင်ကြေး တွေထဲက ရယူကြရမယ့် အကြောင်း လည်း ဘဏ္ဍာရေး ဝန်ကြီးက ပြောပါတယ်။

ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ်နဲ့ ဘီဘီစီ Monitoring တို့ အတွက် အသုံး စရိတ် အတွက် တာဝန်ကို အစိုးရ ဆီကနေ ဘီဘီစီ ကိုယ်တိုင် ရယူ ရမှာ ဖြစ်တဲ့ အပြင် ဝေလ ဘာသာ စကားနဲ့ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား အစီအစဉ် အတွက် လည်း အလားတူ တာဝန်ယူရ မှာ ဖြစ်တယ် လို့ ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဂျော့ချ် အော့စဘောန်း က ပြော ပါတယ်။

ဒီလို လုပ်ဆောင်တဲ့ အတွက် ဘဏ္ဍာရေး ဝန်ကြီး အတွက် လာမယ့် ၂၀၁၄/ ၂၀၁၅ မတိုင်မီ အထိ တစ်နှစ်ကို စတာလင်ပေါင် သန်း ၃၄၀ အထိ ချွေတာ နိုင်မှာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ဘတ်ဂျက် လိုငွေပြမှု လျှော့ချ နိုင်ဖို့ အတွက် အသုံးစရိတ် တွေကို အကြီးအကျယ် ချွေတာဖို့ လိုတယ်လို့ အစိုးရက ပြောနေပေမဲ့ အခု လျှော့ချမှုက များလွန်း တယ်လို့ ဝေဖန် သုံးသပ်သူ တွေက ပြောကြ ပါတယ်။