ကြံ့ခိုင်ရေးကို မဲပေးဖို့ ခလရ ၅၅ လက်မခံ

  • 20 အောက်တိုဘာ 2010

တပ်သားတိုင်း ကြံ့ ခိုင် ဖွံ့ဖြိုးရေး ပါတီကို မဲပေးရမယ် လို့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ရဲ့ ညွှန်ကြားချက်ကို ရခိုင် ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင် တပ်ရင်း ၅၅ မှာ ကန့်ကွက် ဆန့်ကျင် ကြတယ်လို့ အဲဒီတပ်က တပ်သား တွေက ပြောကြ ပါတယ်။

Image caption တပ်သားတိုင်း လိုလို စားဝတ်နေရေး အခက်အခဲ ကြုံနေရ

အင်အား ၂၅၀ လောက် ရှိတဲ့ ခလရ ၅၅ တပ်ရင်းမှာ အားလုံး လိုလိုက အထက်က ပေးတဲ့ အမိန့်ကို ဆန့်ကျင် ကြတယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို ထောက်ခံဖို့ တပ်ရင်းမှူး ခေါ်တဲ့ အစည်း အဝေးကို တက်ခဲ့တဲ့ တပ်သားတွေက ပြောကြ ပါတယ်။

စနေနေ့က တပ်ရင်းရုံးမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ အစည်း အဝေးမှာ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး တင်ထွန်းက အမိန့်စာ ဖတ် အပြီး မှာရဲဘော် တွေက ဆန့်ကျင် ကန့်ကွက် ခဲ့ကြ တယ်လို့ ခလရ ၅၅ က တပ်သား တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရဲဘော်တွေ ရော သူတို့ မိသားစု တွေကပါ လက်မခံ နိုင်တဲ့ အကြောင်း အစည်း အဝေးခန်း ထဲ မှာပဲ ပြောခဲ့ ကြတယ် လို့လည်း အဲဒီ တပ်သားက ဆိုပါတယ်။ သူတို့ အနေနဲ့ စားဝတ် နေရေး အကြပ် အတည်း ရင်ဆိုင် နေရတာ ကိုလည်း တင်ပြ ခဲ့ကြတယ်လို့ သူက ဆက်ပြော ပါတယ်။

တပ်က ရတဲ့ ဝင်ငွေနဲ့ မလောက်တဲ့ အတွက် အုန်းဆံကြိုး ကျစ်တဲ့ အလုပ်ကို လုပ်ပြီး တဘက် တလမ်းက ဝင်ငွေ ရအောင် ရှာဖွေ ရပ်တည် နေကြရတယ်လို့ လည်း အဲဒီ တပ်သားက ပြောပါတယ်။

တပ်သားတိုင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို မဲပေးရမယ် ဆိုတဲ့ ညွှန်ကြားချက်ကို ရန်ကုန်တိုင်း အတွင်းက တခြား တပ်တွေနဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်တွေ မှာလည်း ဆန့်ကျင် နေကြတဲ့ အပြင် တခြား တိုင်းတွေမှာလည်း ဆန့်ကျင်မှုတွေ ရှိနေ ပါတယ်။

စားဝတ်နေရေး ပြဿနာ ကြောင့် ဖြစ်လာ ကြတဲ့ တပ်တွင်း အမိန့် မနာခံမှု တွေ ဟာ မြန်မာ အစိုးရ အတွက်တော့ ကြီးမားတဲ့ ပြဿနာ လို့ ယူဆပုံ မရဘူးလို့ ဝေဖန် သုံးသပ်သူ တွေက ပြောကြ ပါတယ်။