ဖမ်းဆီးခံ KIO အရာရှိ နဲ့ ရဲဘော်တွေ ပျောက်ဆုံးနေ

  • 20 အောက်တိုဘာ 2010
Image caption KIO တပ်ဖွဲ့

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဟိုပင်ဆက်ဆံရေးရုံးက ဗိုလ်ကြီးခေါင်လွန်းနဲ့ နောက်ထပ်နှစ်ဦးကို မြန်မာစစ်အစိုးရက ဖမ်းသွားပြီးတဲ့နောက် အခုအခါမှာ အဲဒီသုံးဦးစလုံး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

စစ်အစိုးရကတော့ အဲဒီလူ ၃ ဦးဟာ ထွက်ပြေးသွားကြတယ်လို့ ပြောခဲ့ပေနဲ့ ဒါကို KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကတော့ လက်မခံပါဘူး။

အဖမ်းခံရတဲ့အခါ ဘယ်လောက် အခြေအနေမျိုးအထိ လုပ်တယ်ဆိုတာ သူမသိနိုင်တဲ့အကြောင်း ရဲစခန်းရောက်ပြီးတဲ့နောက်မှဖြစ်တဲ့ကိစ္စမို့ ရဲစခန်းမှာ တာဝန်ရှိတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

ဗိုလ်ကြီးခေါင်လွန်းတို့ကို ဖမ်းစဉ်က ဘိန်းမိတယ်ဆိုပြီး ပြောသံကြားရပေမယ့် ဒါကလည်း မဖြစ်နိုင်ကြောင်း၊ ဖမ်းစဉ်တုန်းက ရှာဖွေရေးမလုပ် မျက်မြင် သက်သေလည်း မရှိတဲ့အပြင် ဗိုလ်ကြီးခေါင်လွန်းဟာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူ မဟုတ်လို့ ဒီလိုစွပ်စွဲခဲ့ရင်လည်း ယုတ္တိမရှိတဲ့အကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

ဖမ်းဆီးမှုဖြစ်ပြီး တနင်္လာနေ့ညက ဟိုပင်နဲ့ မိုးညှင်းဘက်မှာ စစ်အစိုးရတပ်နဲ့ KIA နဲ့ အပြန်အလှန် ဝိုင်းထားကြတယ်ဆိုတာကလည်း ဝိုင်းထားတာ မဟုတ်တဲ့အကြောင်း တကယ်တော့ ဟိုပင် ဆက်ဆံရေးရုံးကို ဝင်စစ်ဖို့လာတဲ့ လူအင်အား ၉၀ လောက်ရှိတဲ့ စစ်အစိုးရတပ်ကို ဌါနချုပ်က အမိန့်မရလို့ဆိုပြီး KIO ဝန်ထမ်းတွေက တင်းခံထားရာက ၂ နာရီလောက်ရှိမှ စစ်ဆေးခံတဲ့အခါ ဆက်သွယ်ရေးစက်တွေကို သိမ်းသွားတဲ့အကြောင်းကိုလည်း သူက ရှင်းပြပါတယ်။

လဂျားယံနယ်မြေမှာတော့ ဆက်စပ်နယ်မြေဖြစ်လို့ ဒီလိုသတင်းတွေ ထွက်လာတဲ့အခါ KIA လုံခြုံရေးတပ်တွေက အင်အားတွေ တိုးထားလိုက်တာကို စစ်အစိုးရတပ်ကို ဝိုင်းထားတယ်ဆိုပြီး သတင်းထွက်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုအခါမှာတော့ ဆက်သွယ်ရေးရုံးက ဝန်ထမ်းတွေပျောက်နေတဲ့ကိစ္စဟာ အဓိကပြဿနာဖြစ်တယ် သူတို့နဲ့ အဆက်အသွယ်ရပြီးရင်တော့ စစ်အစိုးရနဲ့ KIOကြားမှာ တခြား တင်းမာစရာ ဆက်ပြီး မရှိနိုင်ပါဘူးလို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောဆိုသွားပါတယ်။