ဆူဒန် လက်နက် ကိစ္စ တရုတ် ပယ်ချ

  • 21 အောက်တိုဘာ 2010

ဆူဒန် နိုင်ငံ အနောက်ပိုင်း ဒါဖော ဒေသကို လက်နက် တင်ပို့ ရောင်းချခွင့် ပိတ်ပင် ထားမှု ချိုးဖောက်တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစ်စောင်မှာ စွပ်စွဲ ထား ချက် ကို တရုတ် အစိုးရက ပယ်ချလိုက် ပါတယ်။

Image caption တရုတ် သံတမန်တွေက အစီရင်ခံစာ ထုတ်ဝေခွင့်ကို ကြိုးစား ကန့်ကွက်နေ

တရုတ် နိုင်ငံ ခြားရေး ဌာန ပြောရေး ဆိုခွင့် ရှိသူ မာ့ဂျောင်ဇူး က ဒီ အစီရင်ခံစာ ဟာ လက်ဆုပ် လက်ကိုင် မပြနိုင်တဲ့ အချက် အလက် တွေကို အခြေခံ ထားတာ ဖြစ်တယ် လို့ ပြော ပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ အဲဒီ အစီရင် ခံစာ ထုတ် ဝေခွင့်ကို ပိတ်ပင်ဖို့ ကြိုးစား သွားမယ်လို့ တရုတ် သံတမန် တွေက ဆိုပါတယ်။

ဒါဖော ကို တရုတ် က လက်နက် တွေ တင်ပို့ နေပြီး ကုလသမဂ္ဂ က ချမှတ် ထားတဲ့ ဒါဖော ကို လက်နက် အရေးယူ ပိတ်ဆို့ရေး ကို ချိုးဖောက် နေတယ် လို့ စွပ်စွဲ ချက်တွေ ပါတဲ့ ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ဖို့ ပြင်ဆင် နေတာ ကို တရုတ် က ကန့်ကွက် ဟန့်တား နေ ပါတယ်။

အစီရင်ခံစာမှာ ပါတဲ့ အကြောင်းအရာများ

ဒါဖော ဒေသက ငြိမ်းချမ်းရေး တပ်ဖွဲ့ တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ နေရာ တွေမှာ အမျိုးအစား အတော်များတဲ့ တရုတ် လုပ် ကျည်ခွံတွေ တွေ့ရတယ်လို့ အစီရင်ခံစာ ထဲမှာ စွပ်စွဲထား ပေမဲ့ အဲဒီ လက်နက် တွေဟာ ဆူဒန် အစိုးရကို တိုက်ရိုက် ရောင်းချ ခဲ့တယ်၊ ဒါဖောမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ မှာ သုံးမှာ ကို သိလျက် နဲ့ တရုတ်က ရောင်းခဲ့တာ စတဲ့ အထောက် အထားတွေကို တော့ ဖော်ပြ မထား ပါဘူး။

Image caption ဒါဖော ဒေသက သူပုန်တွေနဲ့ ပဋိ ပက္ခ တွေကို မဖြေရှင်း နိုင်သေး

ဒီ အစီရင်ခံစာ ကို ကုလသမဂ္ဂ ကျွမ်းကျင် သူ အဖွဲ့ တစ်ခု က ရေးသား ထားတာ ဖြစ်ပြီး၊ လုံခြုံရေး ကောင်စီ ကို အဲဒီ အစီရင်ခံစာ တင်ပြီး တဲ့နောက် မှာ ပုံမှန် လုပ်ငန်း ဆောင်ရွက် တဲ့ သဘော အရ ကုလသမဂ္ဂ ဝက်ဆိုက် မှာ တင်ထား တာပါ။

တရုတ် က ဒီအထဲမှာ အငြင်းပွား စရာ တွေ ပါနေတဲ့ အတွက် ပြင်းပြင်း ထန်ထန် ကန့်ကွက် နေပါတယ်။

ဒီနေရာမှာ ဆူဒန် အစိုးရ ကို လက်နက် ရောင်းတာ ဟာ တရားဝင် ဖြစ်နေပါ သေးတယ်။ ကုလသမဂ္ဂ က တားဆီးတယ် ဆိုတာက အဲဒီ ရောင်းလိုက်တဲ့ လက်နက် ခဲယမ်း တွေ ကို ဒါဖောမှာ ဖြစ်နေတဲ့ လက်နက်ကိုင် စစ်ပွဲ တွေ မှာ မသုံး ဖို့ ဆူဒန် အစိုးရ က အာမခံ နိုင်ရင် ဆူဒန် ကို လက်နက် ရောင်းခွင့် က ရှိနေဆဲ ဖြစ်ပါတယ်။

အဲဒီလို လက်နက် ခဲယမ်းတွေ ရောက်သွားရင် အစိုးရ နဲ့ လက်နက်ကိုင် သူပုန် တပ်တွေ ပဋိပက္ခ ဖြစ်နေတဲ့ ဒါဖော က စစ်မီး အခြေအနေ ကို ပိုဆိုး သွားစေ တယ် လို့ သတ်မှတ် ကြတဲ့ အတွက် အခု လို ပိတ်ပင် တာပါ။

ဆူဒန် ဒါဖော ပဋိပက္ခ မှာ လူပေါင်း ၃ သိန်း လောက် သေကြေ ခဲ့ရပြီး လူပေါင်း ၃ သန်း လောက် အိုးအိမ် မဲ့ ဖြစ်ခဲ့ ပြီ လို့ ကုလ သမဂ္ဂ က ထုတ်ပြန်ထားပါတယ်။